skip to content

၂၄ ဇူလိုင်

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (အားတီသည် တရုတ်နိုင်ငံ၌ ကျင်းပမည့် Elite Tour 2020 ဒုတိယဇုန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒုတိယဇုန်ပြိုင်ပွဲကို ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘုန်းမြင့်ကျော်သည် ၃၂ ဦး အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဇွန်နောက်ဆုံးပတ်က ကျင်းပသည့် ပထမ ဇုန်ပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရသောကြောင့် ယခုဒုတိယဇုန်ပြိုင်ပွဲတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။

ပထမဇုန်ပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရသောကြောင့် ဘုန်းမြင့်ကျော်သည် ဒုတိယဇုန်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲကစားခဲ့ရပြီး လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံအရ ဇုန်ပြိုင်ပွဲလေးခုမှ ရရှိသည့်ရမှတ်များကို တွက်ချက်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

တတိယဇုန်ပြိုင်ပွဲကို သြဂုတ်နှင့် စတုတ္ထဇုန်ပြိုင်ပွဲကို စက်တင်ဘာနောက်ဆုံးပတ်တို့တွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် Elite Tour 2020 ဒုတိယဇုန်ပြိုင်ပွဲအပြီးတွင် ချောင်ရန်မြို့၌ ဆက်လက်နေ ထိုင်မည်ဖြစ်ပြီး သြဂုတ်ဒုတိယပတ်တွင်ကျင်းပမည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-Ko Ar Ti Facebook


back to top Eng