ဇူလိုင် ၁၉
မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် တရုတ်နိုင်ငံရှိ Ar K Club က ကြီးမှူးကျင်းပသည့် ဖိတ်ခေါ် 9 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒုတိယဆုရရှိခဲ့သည်။
ဘုန်းမြင့်ကျော်သည် အဓိကပြိုင်ပွဲမရှိသည့်ကာလတွင် ဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်ကာ ဒုတိယဆုရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး တရုတ်ကစားသမားများ၊ တိုင်ပေကစားသမားများနှင့် ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင်ဟောင်းကို ၁၁ ပွဲ- ၁၀ ပွဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဒုတိယဆုရခဲ့သောကြောင့် ဆုကြေးအဖြစ် မြန်မာငွေ ကျပ်သိန်း ၂၀ နှင့် ညီမျှသည့် ပမာဏရရှိခဲ့ပြီး ပထမဆုရရှိသူမှာမူ ဆုကြေးအဖြစ် မြန်မာငွေ ကျပ်သိန်း ၆၀ နှင့် ညီမျှသည့် ပမာဏရရှိခဲ့သည်။
ဘုန်းမြင့်ကျော်သည် ဇူလိုင် ၁၉ ရက်တွင် စတင်ကျင်းပမည့် ဖိတ်ခေါ်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- ko Ar Ti Facebook