ရန်ကုန်၊ မေ ၁၃
အိမ်ရှင် ဗီယက်နမ်နိုင်ငံက နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားနည်းအချို့ စတင်စခန်းသွင်းလေ့ကျင့်နေပြီဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန မှ သိရသည်။
"လက်ရှိမှာတော့ အားကစားနည်းလေးမျိုးဖြစ်တဲ့ သေနတ်ပစ်၊ လှေလှော်၊ ဖူဆယ်၊ ကာယဗလ တို့က ရန်ကုန်မှာ လေ့ကျင့်နေပြီဖြစ်ကြောင်း၊ ကရာတေး နှင့် စစ်တုရင်အားကစားနည်းများ လေ့ကျင့်ရန် ကျန်သေးကြောင်း၊ စခန်းသွင်းလေ့ကျင့်မှုက စုံသလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ ကိုဗစ်ကာလ မပြီးသေးတဲ့အခါကျတော့၊ နိုင်လောက်မည့် အားကစားနည်းတွေကိုပဲ လေ့ကျင့်ပြီး သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်" ဟု ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ပြောပါသည်။
မြန်မာနိုင်ငံအနေဖြင့် လာမည့် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အားကစားနည်း (၁၈)မျိုး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ဖီလစ်ပိုင်ဆီးဂိမ်းထက် ကစားနည်း ၁၃ မျိုးအဖိ လျော့နည်းစေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အကြိမ်(၃၀)မြောက် ဖီလစ်ပိုင်ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၃၁ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်းပေါင်း ၂၀ တွင် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၁၈) ခုနှင့် ကြေးတံဆိပ် (၅၁) ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဗီယက်နမ်းဆီးဂိမ်းပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်း ၁၈ မျိုးအနက် ၄ မျိုးကို ရန်ကုန်တွင် စတင်စခန်းသွင်းလေ့ကျင့်နေပြီး ကျန်အားကစားနည်းအချို့ကို နေပြည်တော်တွင် စတင်စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မြန်မာ့အလင်းသတင်းစာမှကောက်နှုတ်ဖော်ပြသည်။