skip to content

နေပြည်တော်၊ နိုဝင်ဘာလ(၂၀)ရက်။          

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (SEAGF Council Meeting) အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် မြန်မာစံတော်ချိန်(၁)နာရီခွဲအချိန်တွင် Video Conferncing ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာ မြလေးစိန်နှင့် အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်းကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူများတက် ရောက်ကြပါသည်။    

အစည်းအဝေးတွင် SEAGF ဥက္ကဌ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွား ဝန်ကြီး၊ ဗီယက်နမ်နိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ H.E Nguyen Ngoc Thien၊ ဗီယမ်နမ် နိုင်ငံ အားကစားအုပ်ချုပ်မှုကော်မတီ Mr. Vuong Bich Thang၊ SEAGF အမှုဆောင်ကော်မတီဥက္ကဌ Prof. Hoang Vinnh Giang တို့မှ ဦးစီးကျင်းပပြီး အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ အိုလံပစ်ကော်မတီဥက္ကဌ၊ ဒုဥက္ကဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး SEAGF ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည်ဖြစ်ပြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လည်းကောင်း၊ (၃၃)ကြိမ်မြောက် ၂၀၂၅ခုနှစ် အရှေု့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လည်းကောင်း ကျင်းပပြုလုပ်ရန် အဆိုပြုတင်သွင်း၍ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများမှ လက်ခံကျင်းပနိုင်ရေးအတွက် အတည်ပြုသဘောတူခဲ့ကြပါသည်။ ထိုနောက် SEAGF ဥက္ကဌမှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ ကျင်းပရာတွင် ထည့်သွင်းကျင်းပရမည့် အိုလံပစ်အားကစားနည်းများ၊ ဒေသတွင်းအားကစားနည်းများ၊ ရိုးရာအားကစားနည်းများ ထည့်သွင်း ပါဝင်ကျင်းပမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၂၁ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံမှ ပြိုင်ပွဲများအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ(၂)ရက်နေ့အထိ ဟန္နိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များ၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း(၄၀)နှင့် ပြိုင်ပွဲအမျိုးအစားပေါင်း (၅၀၀)ကျင်းပရန် လျာထားပါကြောင်း၊ ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားနည်းများအလိုက် အားကစားကွင်း/ရုံများ၊ ဖွင့်ပွဲနှင့်ပိတ်ပွဲကျင်းပမည့် အားကစားကွင်းများအား Video များနှင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ ပြိုင်ပွဲလက်ခံကျင်းပမည့် အကြမ်းဖျဉ်း လျာထားသော အားကစားနည်းများမှာ ရေကူး၊ ပြေးခုန်ပစ်၊ ကျွမ်းဘား၊ ဗိုဗီနမ်၊  လက်ဝှေ့၊ မွေထိုင်း၊ ပန်ကြပ်ဆီလပ်၊ ကာယကြံခိုင်မှု၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်၊ လှေလှော်၊ ဂျူဒို၊ ကရာတေး၊ ဘောလီဘော၊ Handball၊ ဓားခုတ်၊ ဂေါက်၊ အက၊ ပီတန်၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ အလေးမ၊ နပန်း၊ ဝူရှုးတို့ဖြစ်ကြပါသည်။

ဆက်လက်၍ (၃၂)ကြိမ်မြောက် ၂၀၂၃ခုနှစ် အရှေ့တောင်အာရှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံမှ ပြိုင်ပွဲအောင်မြင်စွာ လက်ခံကျင်းပရန်အတွက် ယခုကတည်းမှ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် ပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ မေလအတွင်း အားကစားနည်း(၃၂)နည်းဖြင့် ကျင်းပရာ လျာထားပါကြောင်း Video များနှင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ အသီးသီးမှ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် ထပ်မံဖြည့်စွက် ထည့်သွင်း ကျင်းပလိုသော အားကစားနည်းများကို တင်ပြကြရာတွင် SEAGF ဥက္ကဌမှ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဆက်လက်တင်ပြ ဆွေးနွေးမည်ဖြစ်ပြီး နောက်အစည်းအဝေးများတွင် ပါဝင်ထည့်သွင်းနိုင်ခြင်းရှိမရှိကို အတည်ပြုပေးမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။


back to top Eng