skip to content

နေပြည်တော်၊ ဇန်နဝါရီလ (၆) ရက်။      

(၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျန်ရှိအားကစားအဖွဲ့ချုပ်များနှင့် ဒုတိယအကြိမ် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အမှန်တကယ် ဆုတံဆိပ်ရရှိနိုင်မည့် အားကစားအမျိုးအစား၊ အားကစားသမားများကို စိစစ်ရွေးချယ် ယှဉ်ပြိုင်စေရန် လိုအပ်ပါကြောင်း၊ ပူးတွဲလေ့ကျင့်မှု အစီအစဉ်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာန သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးထားပါကြောင်း၊ နိုင်ငံခြားနည်းပြ ငှားရမ်းခေါ်ဆိုမှုနှင့် ပတ်သက်၍ နည်းပြများ၏ အားကစားစွမ်းဆောင်ရည် ကိုယ်ရေးအချက်အလက် အတိအကျကို သေချာစွာ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ COVID-19 ကာလအခြေအနေအရ အားကစားအဖွဲ့ချုပ်များမှ မိမိတို့ အဖွဲ့ချုပ်အလိုက် ကျစ်လစ် ထိရောက်မှုရှိသော စုဖွဲ့မှုကို ဖွဲ့စည်း တင်ပြရန် လိုအပ်ပါကြောင်း၊ (31st SEA Games) ပြိုင်ပွဲတွင် အမှန်တကယ် ဆုတံဆိပ်ရရှိနိုင်မည့် အားကစားအဖွဲ့များကို ရွေးချယ်စေလွှတ်သွားရန် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန် ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ သေချာစွာ စိစစ်ထားသော အဖွဲ့ချုပ်(၁၈)ခုအား ပြည်ထောင်စုဝန်ကြီးထံမှ အတည်ပြုပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသော အားကစားအဖွဲ့ချုပ်များမှ ပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်းလေ့ကျင့်မှု၊ Joint Training သွားရောက်လေ့ကျင့်မှု၊ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်း(Events) များအား သေချာစွာ စိစစ်ရွေးချယ်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ပတ်သက်သည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားအဖွဲ့ချုပ်များမှ အားကစားသမားအမည်စာရင်း၊ လူဦးရေ၊ အားကစားအမျိုးအစားများနှင့် ပတ်သက်၍ ကြိုတင် ဆောင်ရွက်ထားရမည့် ကိစ္စရပ်များ 31st  SEA Games Technical Hand Book ကို မတ်လအတွင်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားနည်းပြ ခေါ်ဆိုမှုဆိုင်ရာ (G to G)အစီအစဉ်များ၊ ပူးတွဲလေ့ကျင့်မှု ဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။

ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လေ့ကျင့်ရေးနှင့် သက်ဆိုင်သည့် စခန်းသွင်းလေ့ကျင့်မည့် အစီအစဉ် စီမံချက်များကို ပေးပို့တင်ပြရာတွင် လေ့ကျင့်မည့်နေရာ၊ လူဦးရေအင်အားအစရှိသည့်တို့ကို ပြည့်စုံတိကျစွာ  ပေးပို့ရန်လိုအပ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် အုပ်ချုပ်နည်းပြ၊ အားကစားသမား စုဖွဲ့မှု ပြုလုပ်ရာတွင် အထိရောက်ဆုံးနှင့် အနည်းဆုံး လူဦးရေအင်အား စိစစ်ရွေးချယ် ပေးစေလိုကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအမျိုးအစား ရွေးချယ်ရာ၌လည်း မိမိတို့ အားကစားနည်းအလိုက် အောင်မြင်မှု သမိုင်းကြောင်းနောက်ခံကောင်းပြီး စံချိန်၊ အောင်မြင်မှုရှိသည့်ကိုပါ အသေးစိတ် ထည့်သွင်း၍ စိစစ်ရွေးချယ်ရန် အကြံပြုတင်ပြဆွေးနွေးခဲ့သည်။

တက်ရောက်လာကြသော ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ပီတန်း၊ ကရာတေးဒို၊ လက်ဝှေ့၊ စစ်တုရင်၊ ဘော်လီဘော အားကစားအဖွဲ့ချုပ်များမှ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မိမိတို့အဖွဲ့ချုပ်အလိုက် စီစဉ်ဆောင်ရွက်ထားရှိသော အားကစားလေ့ကျင့်မှုဆိုင်ရာ အစီအမံများဖြစ်သော တစ်ကိုယ်ရေးအားကစားလေ့ကျင့်မှု (Self Training)၊ (Online Training)များ လေ့ကျင့်ရေးအစီအစဉ်များ (Training Programme)များ၊ စခန်းသွင်း လေ့ကျင့်မည့် အားကစားသမားအင်အားများ၊ လေ့ကျင့်မည့်နေရာများ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်လျာထားမှု အခြေအနေများ၊ အားကစားအသုံးအဆောင်ပစ္စည်း လိုအပ်ချက်နှင့် ဖြည့်ဆည်း ပေးနိုင်ရေးဆိုင်ရာ အခြေအနေများ၊ နိုင်ငံခြားနည်းပြ ငှားရမ်းမှု အခြေအနေများ၊ ပူးတွဲလေ့ကျင့်ပြုလုပ်လိုသည့် နိုင်ငံများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် အခြေအနေများကို သက်ဆိုင်ရာအဖွဲ့ချုပ်အလိုက်တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ်ပြောကြားရာတွင် အဖွဲ့ချုပ်များအလိုက် မိမိတို့ပြုလုပ်မည့် အစီအစဉ်များ စခန်းသွင်းမှု၊ ရွေးချယ်မှု၊ Joint Training သွားရောက်မှု၊ နိုင်ငံခြားနည်းပြ ငှားရမ်းမှုအစီအစဉ်များနှင့် မိမိတို့အဖွဲ့ချုပ်မှ မည်သို့ စီမံဆောင်ရွက်မည်၊ အားကစားနှင့် ကာယပညာဦးစီးဌာန အနေနှင့် ဘယ်လို ပံ့ပိုးဆောင်ရွက် ပေးစေလိုသည်ကို တိတိကျကျ စီမံချက်ရေးဆွဲ တင်ပြဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေနှင့် စခန်းသွင်းလေ့ကျင့်မှု၊ နှစ်နိုင်ငံ ပူးပေါင်းလေ့ကျင့်မှုနှင့် ပြိုင်ပွဲ ဝင်ရောက်ရန် လူရွေးချယ်မှု၊ စိစစ်မှုတို့တွင် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများအသိဆုံးဖြစ်၍ စံချိန် စံညွှန်း ကောင်းမွန်ပြီး လေ့ကျင့်သား ကောင်းမွန်တိုးတက်လာအောင် အားကစားသမားများ ဆုရရှိနိုင်အောင် အားကစားသမားများကို သေချာစွာ စိစစ်ရွေးချယ်ပေးရန် လိုအပ်ပါကြောင်း ယခုအခါ COVID-19 သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အားကစားသမားများ အမြန်ဆုံး စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ဦးစီးဌာနအနေနှင့် အထက်ဌာနကိုတင်ပြ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ SEA Games တွင် အောင်မြင်မှုရရှိစေရေးတွင် ယခုကာလ၌ အဖွဲ့ချုပ်များအနေနှင့် တစ်ဦးချင်းသီးသန့်ပြုလုပ်နိုင်သော Physical Exercise၊ Mental Exercise များအား တတ်နိုင်သမျှ ပြုလုပ်အောင်လေ့ကျင့်ခန်းများကို ပြန်လည်ပြုလုပ်စေလိုကြောင်း၊ နည်းပြများအနေနှင့် Online မှတစ်ဆင့် အားကစားသမားများ လေ့ကျင့်မှု နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်မှာကြားမှု၊ ကြီးကြပ်မှုများ ပြုလုပ်စေလိုပါကြောင်းနှင့် SEA Games ပြိုင်ပွဲသည် COVID-19ကာလတွင် ယှဉ်ပြိုင်ရမည်ဖြစ် သောကြောင့် အောင်မြင်မှု ရရှိရေးအတွက်အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ အားကစားအဖွဲ့ (၁၈)ဖွဲ့ ယှဉ်ပြိုင်ရန် လျာထားပြီး အားကစား (၁၈)ဖွဲ့လုံး ဆုရရှိရန် အရေးကြီးပါကြောင်း၊ အုပ်ချုပ်နည်းပြများကို တာဝန်ပေးဆောင်ရွက်ရာတွင် စခန်းသွင်းလေ့ကျင့် ကာလ၊ Joint Training ကာလ၊ ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံး အမှန်တကယ် အားကစားနည်းကို ကျွမ်းကျင်တက်မြောက် ကြီးကြပ်အုပ်ချုပ်နိုင်သူ၊ အမှန်တကယ်နည်းစနစ်ပိုင်း ကျွမ်းကျင်မှု နည်းပြနိုင်သူ၊ အားကစားသမားများအပေါ် လွှမ်းမိုး အုပ်ချုပ်နိုင်သူများကိုသာ တာဝန်ပေးအပ်စေလိုကြောင်း၊ အဖွဲ့ချုပ်များအနေနှင့် အားကစားသမားများ စိစစ်ရွေးချယ်ယှဉ်ပြိုင်ရာတွင် နှစ်နိုင်ငံ Joint Training နှင့် ဖိတ်ခေါ် ပြိုင်ပွဲများ၌သာ အတွေ့အကြုံရရှိရန် စံချိန်စံညွှန်းသတ်မှတ် အကဲဖြတ်ရန်ဖြစ်ပြီး SEA Games ပြိုင်ပွဲအတွေ့အကြုံ ရယူရန် စမ်းသပ်ခံရန်မဟုတ်ဘဲ ဆုတံဆိပ် ရရှိရန် အဓိကထား ယှဉ်ပြိုင်ကြရန် သိရှိထားသင့်ပါကြောင်း၊ ဆုတံဆိပ်ရရှိရန် အဖွဲ့ချုပ်များနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

                

 


back to top Eng