နေပြည်တော်၊ ဒီဇင်ဘာလ(၃၀)ရက်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉:၃၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencingစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့် ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အတွင်း ရေးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်မှုများ၊ နိုင်ငံခြားနည်းပြ ခေါ်ယူမှု များ၊ ပူးတွဲလေ့ကျင့်ရေး အစီအစဉ်များ၊ အားကစားအသုံးဆောင် ထောက်ပံ့ပစ္စည်းများကို မြေပြင်တွင် အမှန်တကယ် ကိုက်ညီထိရောက်မှုရှိစေရန် ထပ်မံ၍ ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အားကစားနည်း(၄၀)၊ အားကစားအမျိုးအစား(၅၁၈)နည်းဖြင့် ကျင်းပရန် လျာထားသဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအမျိုးအစားများကို သက်ဆိုင်ရာ အဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျစ်လစ်ထိရောက်မှုရှိသောစုဖွဲ့မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားကစား အဖွဲ့ချုပ်များအနေဖြင့် မိမိတို့၏ လက်ရှိအခြေအနေ စုဖွဲ့မှုကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်အရ အမှန်တကယ်ဆုရရှိနိုင်မည့်ဟု ခန့်မှန်းထားသော အားကစားနည်းများဖြစ်သော ဗိုဗီနမ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု ၊ ဘိလိယက် နှင့်စနူကာ၊ မြှားပစ်၊ ဂျူဒို၊ လှေ လှော်၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အလေးမ ၊ ဝူရှူး အစရှိသော အားကစား အဖွဲ့ချုပ်များဖြင့် ရှေးဦးစွာညှိနှိုင်းကျင်းပရခြင်း ဖြစ်ပါကြောင်း၊ယခုအခါ Covid-19ကာလဖြစ်၍ Covidစည်းကမ်းချက်များနှင့်အညီ စခန်းသွင်းလေ့ကျင့်နိုင်ရေးကို နိုင်ငံတော်သို့ တင်ပြထားပြီး ဖြစ်ပါ၍ ခွင့်ပြုချက်ရရှိပါက စည်းကမ်းချက်များနှင့်အညီ စခန်းသွင်းလေ့ကျင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲဝင် ရောက်နိုင်ရေးအတွက် လိုအပ်သည့် Sport entry list,application form အစရှိသည့် အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ အိမ်ရှင်ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် နှောင့်နှေးကြံ့ကြာမှု မရှိစေရန် ဆောင်ရွက်ရမည့် အခြေအနေများ၊ နိုင်ငံခြားနည်းပြ ခေါ်ယူမှု၊ G to G အစီအစဉ်၊ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်ရာတွင် အဖွဲ့ချုပ်များမှ မိမိတို့ စခန်းသွင်းလေ့ကျင့်မည့် လူဦးရေ၊ အားကစား အမျိုးအစား ပူးတွဲလေ့ကျင့်မည့် အစီအစဉ်များ၊ နိုင်ငံခြားနည်းပြခေါ်ယူ လေ့ကျင့်မှုဆိုင်ရာများကို အတိအကျ ဆွေးနွေးစေလိုကြောင်း၊ ထိုမှသာ Covid-19 ကော်မတီ စည်းကမ်းချက်များနှင့်အညီ စခန်းသွင်း လေ့ကျင့်ထောက်ပံ့မှုများကို ထိရောက်စွာပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော အားကစားအဖွဲ့ချုပ်များမှ (၃၁)ကြိမ်မြောက် အရှေ့တောင် အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရွှေ၊ငွေ၊ကြေးရရှိမှု အခြေအနေ Training Programe အစီအစဉ်များဖြစ်သော Online Training ၊ Self Training အစရှိသော လေ့ကျင့်ရေးအတွက် ဆောက်ရွက်ထားရှိမှုများ၊ နိုင်ငံခြားနည်းပြ ငှားရမ်းခေါ်ဆိုလိုမှု အခြေအနေများ၊ Joint Training၊ G to G Training၊ စခန်းသွင်းလေ့ကျင့်မည့် အစီအစဉ်များ၊ ဘတ်ဂျက်သုံးဆွဲရန် လျာထားမှုအခြေအနေများ၊ အားကစားသမား ရွေးချယ်မှု အစီအစဉ်များ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ၊ လိုအပ်သည့်အခြေအနေ အားသာချက်ရှိသည့် အားကစားအမျိုးအစားများကို SEAGF Concil meeting မှ တဆင့်တင်ပြတောင်းဆိုရန်အချက်များ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်အားကစားအမျိုးအစား(Event)များအလိုက် အစီအစဉ်များကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် အထောက်အပံ့များ အစရှိသည်တို့ကို တင်ပြဆွေးနွေးကြသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ်ပြောကြားရာတွင် မြန်မာ့အားကစား အောင်နိုင်ရေးအတွက် အမှန်တကယ် ကျစ်လစ်ထိရောက်သော စုဖွဲ့မှုဖြစ်စေရန် အလွန် အရေးကြီးပါကြောင်း၊ ထိုအချက်သည် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ နည်းပြ/ အုပ်ချုပ်မှုအဖွဲ့မှ မိမိတို့၏ အားကစားသမား စွမ်းဆောင်ရည်ကို ပိုမိုသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှသာ အောင်မြင်ထိရောက်မှုရှိသော ပံ့ပိုးမှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ် များအနေဖြင့် Covid-19ကာလတွင် စီးပွားရေး၊လူမှုရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ သိရှိပါကြောင်း၊ နိုင်ငံတော်မှ လည်းဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်ပေးနေပါကြောင်း၊ ဆက်လက်၍ တင်ပြဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်ခွဲဝေ ရရှိမှုပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် မှန်ကန်ထိရောက်သော လုပ်ငန်းစဉ် အကြံဉာဏ် အကူအညီများပေးခြင်းဖြင့် မြန်မာ့အားကစား အောင်နိုင်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။