နေပြည်တော်၊ မေလ(၇)ရက်။
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ(၂)ရက်နေ့အထိ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး(၁၂)တွင် အားကစားနည်း(၄၀)နည်းဖြင့် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၁၈)နည်းသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ယခုအချိန် ပြိုင်ပွဲဝင်ကာလ (၁၉၉) ရက်သာ ကျန်ရှိတော့ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကာလ နီးကပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံ၏ Covid-19 ရောဂါအခြေအနေကြောင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍သာ စတင်လေ့ကျင့်နိုင်တာ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေနှင့် ထိုသို့စခန်းသွင်းလေ့ကျင့်မှုအတွက် ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများတွင် စားစရိတ် ထောက်ပံ့ကြေးကို ယခင်ထက်နှစ်ဆ ပိုမိုထောက်ပံ့တိုးမြှင့်ပေးခဲ့ပြီး အခြားအုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လေ့ကျင့်ရေးသုံး၊ ပြိုင်ပွဲသုံးပစ္စည်းများကို ပြည့်ဝစွာ ဖြည့်ဆည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စခန်းသွင်း လေ့ကျင့်မှုများကို လေ့ကျင့်ရေးကြည့်ကြပ်မှုများနှင့် ပြိုင်ပွဲအောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အားကစားသမားများ ပြိုင်ပွဲနီးကပ်လာပြီးဖြစ်သဖြင့် လေ့ကျင့်ရာတွင် ထိခိုက်ဒဏ်ရာ မရရှိစေရေး အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ အားကစားသမားများသည် နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်မည့်သူများ ဖြစ်သောကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဓိကထားပြီး မြှင့်တင် ဆောင်ရွက်ပေး ရန်လိုအပ်ပါကြောင်း၊ အားကစားသမားအားလုံးကို စေတနာထား နားလည်စိတ်ဖြင့် မိမိသားသမီးများသဖွယ် ဆက်ဆံအားပေးရန်လိုအပ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်း လေ့ကျင့်မှု ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထိန်းသိမ်းတည့်မတ်ကာ အားကစားသမားများ၏ မမြင်နိုင်သော စိတ်စွမ်းရည်များကို ဖော်ထုတ်ပြီး အုပ်ချုပ်စီမံသွားမှသာ အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအနေနှင့် အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြများ ငှားရမ်း အသုံးပြုရာတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစား နည်းအလိုက် နိုင်ငံခြားနည်းပြများ လာရောက်တာဝန် ထမ်းဆောင်ရာတွင် မြန်မာနည်းပြများအနေနှင့် သင်ကြားမှုပိုင်း နည်းပညာပိုင်းဆိုင်ရာများ မှတ်သားလေ့လာထားရှိပြီး ပညာဆည်းပူးကာ နောင်တစ်ချိန် ပြန်လည်အသုံးချရန်လိုအပ်ပါကြောင်း၊ ထိုမှသာ မြန်မာနည်းပြများ အရည်အချင်း တိုးတက်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ယှဉ်ပြိုင်လေ့ကျင့်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ မြန်မာအားကစားနည်းအလိုက် နည်းပြများငှားရမ်းထားရှိမှုအခြေအနေ၊ G to G အစီအစဉ်အရ တရုတ်နိုင်ငံ သို့ (Joint Training) ပူးပေါင်းသွားရောက် လေ့ကျင့်မှု အစီအစဉ်များ ကိုလည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ မြန်မာအားကစားနည်းအလိုက် နေပြည်တော်၊ ရန်ကုန်မြို့များတွင် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေ၊ စခန်းသွင်းလေ့ကျင့်ရာတွင် အားကစားသမားများ ရောက်ရှိမှုအခြေအနေ၊ လေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့မှု၊ နေထိုင်စားသောက်မှု ပံ့ပိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးချုပ် (၃)ဦးကျော်ဦးမှ စခန်းဝင်လေ့ကျင့်ရေး အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးစီမံဆောင်ရွက်ထားမှု အခြေအနေ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ထားရှိမှုအခြေအနေ၊ လေ့ကျင့်ရေးကာလ အားကစားနည်းအလိုက် စံချိန်စံညွှန်းတိုးတက်မှုအခြေအနေ၊ စီမံအုပ်ချုပ်မှုများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်၍ အားကစားအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အားကစားနည်းအလိုက် မျိူးဆက်သစ်လူငယ်များ ဆက်လက် လေ့ကျင့် ပျိူးထောင်ထားရှိရန် စီစဉ်ထားရှိမှု အခြေအနေများ၊ Joint Training သွားရောက်ရန် လေ့ကျင့်ရေးကာလအတွင်း အထောက်အကူပစ္စည်းများ၊ ဝတ်စုံများ ပံ့ပိုးထားရှိမှု အခြေအနေများ၊ လေ့ကျင့်ရေးကာလ တိုးတက်မှု၊ စည်းကမ်းကောင်းမွန်မှုရှိစေရေး၊ တရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများ၊ ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ အရည်အသွေးမီ စံချိန်စံညွှန်း ကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အနေနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉)နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အလေးမ ပဏာမ အားကစားသမားများ ပြိုင်ပွဲအကြိုဆန်းစစ်ပြိုင်ပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးပါသည်။ အဆိုပါ ပြိုင်ပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံအလေးမ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဧည့်သည်တော်အဖြစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ(ဟောင်း) ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး တက်ရောက်ကြည့်ရှု အားပေးဆုများ ချီးမြှင့်ခဲ့ကြပါသည်။
ပြိုင်ပွဲကို ပဏာမရွေးချယ်ထားသော မြန်မာ့လက်ရွေးစင် အမျိုးသမီးအားကစားသမားများမှ စံချိန်ပြုတစ်ဦးချင်းပြိုင်ပွဲအဖြစ် အမြန်မ၊ အနှေးမ (၂)မျိုးပေါင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိကြသူများအား ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး၊ ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြားရေးမှူး ချုပ်၊ အဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယပိုင်းဖြင့် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသားအားကစားသမားများမှ အလေးမပြိုင်ပွဲကို အမြန်မ၊ အနှေးမ (၂)မျိုးပေါင်းဖြင့် စံချိန်ပြု ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အဖွဲ့ချုပ်ဥက္ကဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများမှ ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။