skip to content

 

ရန်ကုန်၊ သြဂုတ်လ (၇)ရက်။         

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ အားကစားနှင့်ကာယပညာသိပ္ပံ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အတည်ပြုခြင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားဆေးဘက်ဆိုင်ရာ (Anti – Doping ) ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ အကြိုပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေနေ့လယ်(၁၂)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလမှာကျင်းပဖို့ရာလျာထားပါကြောင်း၊ အိမ်ရှင်ပြိုင်ပွဲကျင်းပရေး SEAGF ကောင်စီ အစည်းအဝေးတွင်  အားကစားနည်း(၃၆)မျိုးလျာထားပါကြောင်း၊ မြန်မာနိုင်ငံမှ TBR ၊ ဟော်ကီ၊ ခြင်းလုံးအားကစားနည်း(၃)မျိုးထည့်သွင်းကျင်းပဖို့ ဆွေးနွေးတင်ပြထားပါကြောင်း၊ လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် SEAGF ကောင်စီ ဆွေးနွေးပွဲ၌  တင်ပြထားသည့် အားကစားနည်း(၃)မျိုးပါရှိအောင် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအနေဖြင့်ပါဝင်ယှဉ်ပြိုင်ရေး၊ လေ့ကျင့်ရေးနှင့်အောင်နိုင်ရေးဆိုပြီး အဖွဲ့ချုပ်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း၊ လေ့ကျင့်ရေးပိုင်းတွင် တစ်ချို့အားကစားနည်းများသည် Video Convention  ဖြင့် လေ့ကျင့်နေတာရှိနေပါကြောင်း၊ Covid-19  ကာလအတွင်းမှာ စခန်းသွင်းလေ့ကျင့်မှုကို ပြန်လည်စီစစ်ပြီးမှသာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လေ့ကျင့်ရေးပိုင်းမှာ အဖွဲ့ချုပ်များ ၊ နည်းပြများ အနေဖြင့် Video Convention ဖြင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း၊ အလားတူပင် ဘောလုံးပြိုင်ပွဲများ၊ အခြားအားကစားပြိုင်ပွဲများ ကျင်းပ နိုင်ရေးအတွက် Covid-19   ကာကွယ်စောင့် ရှောက်ရေး ကော်မတီခွင့်ပြုချက်ရယူဖို့ ဆက်လက် တင်ပြထားပါကြောင်း၊ Joint Training စေလွှတ်ရာတွင်လည်း ရေတို/ရေရှည် ခွဲခြားသတ်မှတ်ပြီးရေတိုအနေဖြင့် ပဏာမလက်ရွေးစင်အဖြစ်သတ်မှတ်ပြီး မျိုးဆက်သစ်များကို ရေရှည်စီမံကိန်းဖြစ်ထားရှိကာ Joint Training နှင့် Government to Government  စေလွှတ်ရာတွင် ပဏာမအဆင့်ရှိသည့် အားကစားသမားများကို စိစစ်ရွေးချယ် စေလွှတ်လေ့ကျင့်စေလိုကြောင်း၊ အားကစားသမားများ စခန်းသွင်းရာတွင်လည်း အရေအတွက် များများကို အဓိကမထားဘဲ အရည်အချင်းနှင့်ပြည့်ဝပြီး ဖြစ်နိုင်ချေရှိသူများကို စီစစ်ရွေးချယ် လေ့ကျင့်ဖို့ လိုအပ်ပါကြောင်း၊ Joint Training သွားရောက်လေ့ကျင့်ရာတွင်လည်း အရေအတွက် များပြီး ထိရောက်မှု မရှိတာကို တွေ့ရပါကြောင်း၊ လေ့ကျင့်ရေးစခန်းများတွင်လည်း  ကြီးကြပ်မှု ကော်မတီထားရှိပြီး ထိရောက်တဲ့ စစ်ဆေးမှုများ မရှိတာတွေ့ရပါကြောင်း၊ အနီးစပ်ဆုံး အနေဖြင့် ပြီးခဲ့တဲ့ SEA Games  စခန်းသွင်းမှုပင်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ပေးထားသည့် ဌာန အကြီးအကဲနှင့်ကြီးကြပ်ရေးအဖွဲ့များလာရောက်စစ်ဆေးတဲ့အခါ လစ်ဟာမှုများရှိ နေပါကြောင်း ၊ ထိုသို့မဖြစ်စေရန် ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်မှသာ အောင်မြင်မှာဖြစ်ပါကြောင်း၊ အားကစားသမားများစေလွှတ်ရွေးချယ်ရာတွင် ဘက်လိုက်မှုမရှိဘဲ အောင်မြင်မှုအတွက်ကိုဘဲကြည့်ပြီး ရွေးချယ်စေလိုပါကြောင်း၊ ထို့အပြင် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းများ၏ သင်ရိုးညွှန်းတမ်း အတည်ပြု နိုင်ရေးကိုလည်း ကျောင်းများအားလုံး တစ်ပြေးညီ သင်ကြားနိုင်ရေးအတွက်  အဖွဲ့ချုပ်များနှင့်ပေါင်းစပ်ကာ ပထမ အကြိမ် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ထားရှိပြီး အတည်ပြုနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ၄င်းအပြင် အားကစားသမားများ တားမြစ်ဆေးကင်းစင်စေဖို့  ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်စစ်ဆေးထားသင့်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးအားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ (၃၁)ကြိမ်မြောက် SEA Games  နှင့်သက်ဆိုင်သည့် ကြိုတင် ဆောင်ရွက်ရမည်လုပ်ငန်းစဉ်များအားလည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ နည်းပြချုပ်/ နည်းပြများ၏ သက်ဆိုင်ရာအားကစားနည်းအလိုက် အောင်လက်မှတ်များတင်ပြနိုင်ရေးနှင့် သိပ္ပံကျောင်းများ၏ သင်ရိုးညွှန်းတမ်းများ အတည်ပြုနိုင်ရေး အတွက် ကျန်ရှိနေသည့် အဖွဲ့ချုပ်များအနေဖြင့် သင်ရိုးညွှန်းတမ်းများရေးဆွဲပေးဖို့ လိုအပ် ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ၊ နည်းပြချုပ်များနှင့် လေ့ကျင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားနိုင်မှု အခြေအနေ အားကစားနည်းအလိုက် အားကစားသမားဦးရေ သတ်မှတ်ထားရှိမှု ၊ လေ့ကျင့်ရေး၊ နေထိုင်ရေး၊ စားသောက်ရေးများတွင် Covid-19  ကာကွယ်ထားနိုင်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊  လေ့ကျင့်ရေးပိုင်းတွင် ကြိုတင်ပြင်ဆင်လေ့ကျင့်သည့် အနေဖြင့် ယခုကတည်းက အဖွဲ့ချုပ် နည်းပြများမှ Video Convention ဖြင့်  လေ့ကျင့်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နိုင်ရေးတို့ကို တက်ရောက်လာသည့် အဖွဲ့ချုပ်တာဝန်ရှိသူအသီးသီးတို့က ဆွေးနွေး တင်ပြကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ အဖွဲ့ချုပ်အသီးသီး တင်ပြချက်များကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng