skip to content

နေပြည်တော်၊ ဧပြီလ(၂၁)ရက်။                        ။

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉:၃၀)အချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူညွှန်ကြားရေးမှူးများ၊ မြန်မာအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အမှာစကားပြောကြားရာတွင် ယခင်ပြီးစီးခဲ့သည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၃၄)နည်း ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၅၁)ခု ရရှိပြီး အောင်မြင်မှု နည်းပါးခဲ့သည်ဟု သုံးသပ်ရရှိပါကြောင်း၊ ဆုတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသော အားကစားသမားများနှင့် အားကစားအဖွဲ့ချုပ်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၁ နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းအပါအဝင် မြို့ပေါင်း(၁၂)မြို့တွင် အားကစားနည်း(၄၀)ဖြင့် ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ရွှေတံဆိပ်(၅၂၉)ခု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်သော်လည်း မြန်မာအားကစားအဖွဲ့အနေနှင့် နိုဝင်ဘာလ (၁၅)ရက်နေ့ အမျိုးသားဘောလုံး ပြိုင်ပွဲမှစ၍ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲကျင်းပရန် (၂၁၄)ရက်သာ ကျန်ရှိပြီး ရုံးပိတ်ရက်၊ လေ့ကျင့်ရက်နှုတ်ပါက လေ့ကျင့်ချိန် (၁၆၈)ရက်သာ ကျန်ရှိတော့ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်း ပါဝင်ယှဉ်ပြိုင်ရန် လျာထားသော်လည်း ယခုအချိန်ထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ အားကစားနည်း(၁၁)နည်း၊ ရန်ကုန်၌ အားကစားနည်း(၂)နည်း စုစုပေါင်း(၁၃)နည်းသာ လေ့ကျင့်နိုင်သေးပါကြောင်း၊ လေ့ကျင့်ရေးစခန်း သွင်းရန် ကျန်ရှိနေသော (ဘောလုံး/ဖူဆယ်)၊ ကရာတေးဒို၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ စစ်တုရင်၊ ဂေါက်သီး အားကစားနည်း(၆)နည်းအနေနှင့် အမြန်စခန်းသွင်းလေ့ကျင့်ရေး‌ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားနည်း(၁၃)နည်းမှာလည်း အလေးမနှင့် ပီတန်းအားကစားနည်းမှလွဲ၍ ကျန်အားကစားနည်းများမှာ လျာထား ရွေးချယ်ထားသော အားကစားသမားများ အပြည့်အဝ ရောက်ရှိလေ့ကျင့်မှု မရှိသေးသောကြောင့် ကျန်အားကစားနည်းများ အမြန်ဆုံး စုစည်းလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ အချို့အားကစားနည်းများမှာ နေပြည်တော်မှာထက် ရန်ကုန်တွင် လေ့ကျင့်ရန် ဆန္ဒရှိနေပါကြောင်း၊ အားကစားနည်းများ စခန်းသွင်း လေ့ကျင့်ရာတွင် အားကစားသမားများ အဆင်ပြေစွာ စားသောက်နိုင်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေးကွင်း/ရုံများ အခြေအနေ၊ Gym ခန်းနှင့် လေ့ကျင့်ရေးပစ္စည်း ပြည်စုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး အခြေအနေ၊ စည်းကမ်းထိန်းသိမ်းရေး၊ တားမြစ်ဆေးဝါး သုံးစွဲမှု မရှိအောင် ထိန်းသိမ်းရေး၊ တာဝန်ရှိသူများ၏ လက်တွေ့ကျကျ ကြီးကြပ်နိုင်မှု စသည့် လိုအပ်ချက်ပေါင်းများစွာ ရှိပါကြောင်း၊ လေ့ကျင့်ရေးကွင်း/ရုံ အခြေအနေအပေါ်မူတည်ပြီး အချို့အားကစားနည်းများကို ရန်ကုန်မြို့တွင် လေ့ကျင့်ခွင့်ပြုခဲ့ပြီး ကျန်အားကစားနည်းများအား လိုအပ်ချက်များစွာ ပြည့်စုံသော နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်စေလျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် သင့်လျော်သော အောင်မြင်မှုရရှိစေရန်အတွက် အားကစားအဖွဲ့ချုပ်များ အနေနှင့် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုပြိုင်ပွဲကို ယခင်ပြိုင်ပွဲထက် ပိုမိုအောင်မြင်မှု ရရှိစေရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကို နိုင်ငံတော်ဘဏ္ဍာငွေမှ စနစ်တကျ စီမံခန့်ခွဲ သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ အားကစားသမားများ လေ့ကျင့် စားသောက်စရိတ် ထောက်ပံ့ကြေးများကို ယခင်ထက် ပိုမိုတိုးမြှင့် ထောက်ပံ့ပေးထားပါကြောင်း၊ လေ့ကျင့်ရေးပစ္စည်း ဝယ်ယူမှုတွင် တင်ပြချက်များ အတိုင်း တောင်းခံခွင့် ပြုထားပါကြောင်း၊ ပြည်ပ ပူးတွဲလေ့ကျင့်မှုအဖြစ် တရုတ်နိုင်ငံသို့ ဝူရှူး၊ (ကနူး/ ကယက်)၊ အလေးမ၊ ပြေးခုန်ပစ် အားကစားနည်းများမှ (၄၅)ဦးကို မကြာခင် စေလွှတ်သွားမည်ဖြစ်ပါ‌ကြောင်း၊ သေနတ်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော အားစားနည်းများမှ အားကစားသမားများကိုလည်း ထပ်မံစေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ ကျန်အားကစားနည်းများမှာလည်း ပြင်ပနည်းပြများ ငှားရမ်း အသုံးပြုလိုပါက အမြန်ဆုံး စီစစ်တင်ပြရန် လိုအပ်ပါကြောင်း၊ ပြည်ပသို့ သွားရောက်လေ့ကျင့်လိုပါက ဆက်သွယ်စုံစမ်းပြီး အမြန်ဆုံး တင်ပြကြရန် လိုအပ်ပါကြောင်း၊ လေ့ကျင့်ရေး ကာလများတွင် နေထိုင် စားသောက်မှုနှင့် ပိတ်ရက်အနားယူ အပန်းဖြေရေးကိစ္စများ၊ လေ့ကျင့်ရေး ကိစ္စများကို ဒုတိယဝန်ကြီး ကိုယ်တိုင် ကြပ်မတ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခြားလိုအပ်ချက်များနှင့် စိတ်ဓာတ် မြင့်မားလာစေရေး၊ တားမြစ်ဆေးဝါးသုံးစွဲမှု မဖြစ်ပေါ်စေရေး၊ အောင်စိတ်နိုင်စိတ် မြင့်မားရေးတို့တွင် လိုအပ်သလိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေနှင့် ယခင်ပြိုင်ပွဲ ထက် အောင်မြင်မှုရရှိစေရေးအတွက် မိမိတို့အားကစားနည်းအလိုက် ယခုထက် ပိုမိုပူးပေါင်း ဆောင်ရွက် ပေးနိုင်ကြဖို့ လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ အနေနှင့် နေပြည်တော်သို့ အမြဲမပြတ် လာရောက်ပြီး မိမိတို့အားကစားသမားများကို စိတ်ဓာတ်မြင့်စေရေး လာရောက်အားပေးကြရန် မေတ္တာရပ်ခံ ပြောကြားလိုပါကြောင်း၊ လေ့ကျင့်ရေးကာလ (၁၆၈)ရက်သာ ကျန်ရှိတော့ပါသဖြင့် ယခင် ပြိုင်ပွဲများထက် အောင်မြင်မှု ပိုမိုရရှိရန်အတွက် ဦးစီးဌာနမှတာဝန်ရှိသူများ၊ လေ့ကျင့်ရေးစခန်းမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ ယခုထက် ပိုမိုစည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း‌ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လေ့ကျင့်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ ပြောကြားရာတွင် လက်ရှိအားကစားနည်း(၁၁)နည်းကို‌ နေပြည်တာ်၊ အားကစားနည်း(၂)နည်းကို ရန်ကုန်မြို့တွင် လေ့ကျင့်လျက်ရှိပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း(၁၉)နည်း အဖွဲ့ချုပ်များနှင့် အမြဲမပြတ် ထိတွေ့ဆွေးနွေး ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်အားကစားနည်း(၆)မျိုးကိုလည်း မေလဆန်းအတွင်း အမြန်စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားရှိပါကြောင်း၊ အားကစားသမားများ စားစရိတ်၊ ထောက်ပံ့စရိတ် တိုးမြှင့်ထားရှိပြီး ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် လူရွေးချယ်မှုကို အားကစားနည်းအလိုက် အဖွဲ့ချုပ်နှင့် ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သော်လည်း အားကစားနည်းအလိုက် အဖွဲ့ချုပ်၏ အစီအမံကို ဦးစားပေးမည်ဖြစ်ပြီး ဦးစီးဌာနအနေနှင့် နေထိုင်စားသောက် လေ့ကျင့်အထောက်အကူပြုပစ္စည်းများ၊ အခြားလိုအပ်ချက်များ မရှိစေရေး အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လေ့ကျင့်ရေးကဏ္ဍအား အဖွဲ့ချုပ်များနှင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြောကြားရာတွင် အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရမည့်နေ့ရက်၊ နေရာများကို ပြောကြား၍လည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ အားကစားနည်းအလိုက် လေ့ကျင့်လျက်ရှိသော အုပ်ချုပ်နည်းပြ အားကစားသမားများ အခြေအနေ၊ လာရောက်ပူးပေါင်းရန် ကျန်ရှိနေသော အားကစားသမားများ အခြေအနေ၊ အားကစားနည်းအလိုက် လေ့ကျင့်ရေးအစီအစဉ် (Training Program) ပေးပို့နိုင်ရေး ကိစ္စရပ်များ ရှင်းလင်းပြောကြား၍လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ အားကစားသမားများ တားမြစ်ဆေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများ၊ အားကစားသမားများ စားသောက်မှု အဟာရပြည့်ဝစွာ စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများမှ စခန်းသွင်းလေ့ကျင့်ရန် ကျန်ရှိနေသော အားကစားနည်းများ အမြန်ဆုံး စတင်လေ့ကျင့်နိုင်မည့် အခြေအနေများ၊ အားကစားနည်းအလိုက် လူရွေးချယ်မှု အခြေအနေ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ အခြေအနေ၊ လေ့ကျင့်ရေးသုံး အားကစား အထောက်အကူပြုပစ္စည်း လိုအပ်ချက် အခြေအနေ၊ အားကစားနည်းအလိုက် ပြိုင်ပွဲသုံးပစ္စည်း လိုအပ်မှုအခြေအနေ၊ အားကစားနည်းအလိုက် နိုင်ငံခြားသား နည်းပြငှားရမ်းသုံးစွဲမှု အခြေအနေ၊ အုပ်ချုပ်နည်းပြများ တာဝန်ပေးအပ်မှု အခြေအနေ၊ အားကစားနည်းအလိုက် ပြည်ပနိုင်ငံများ သွားရောက်လေ့ကျင့်မှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြပါသည်။

ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အနေနှင့် အားကစားနည်းအလိုက် လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိလိယက်/စနူကာ၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ လက်ဝှေ့၊ စစ်တုရင်၊ (ဘောလုံး/ဖူဆယ်)၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေးဒို၊ ပီတန်း၊ ဗိုဗီနမ်၊ (ကနူး/ကယက်)၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ဘော်လီဘော၊ အလေးမ၊ ဝူးရှူး စသည့်အားကစားနည်း(၁၉)နည်း ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရှိရပါသည်။


back to top Eng