နေပြည်တော်၊ ဇူလိုင်လ (၅) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ (၅.၇.၂၀၂၁) ရက်နေ့ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် (၇:၃၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၂)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၃) တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ (၃)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၁)တွင် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၃)ဂိုး ဂိုး(မရှိ) ဖြင့် လည်းကောင်း၊ ဝဏ္ဏသဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၃) တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၄)ဂိုး ဂိုး(မရှိ) ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။
(၆.၇.၂၀၂၁) ရက်နေ့တွင် ပြိုင်ပွဲများရပ်နားပြီး (၇.၇.၂၀၂၁) ရက်နေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ် များအဖြစ် နံနက်(၇:၃၀) နာရီအချိန်တွင် ဝဏ္ဏသဒိ္ဓ ဘောလုံးအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ညနေ (၃:၀၀) နာရီအချိန်တို့တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုပ်သံလိုင်းနှင့် (MRTV Sport Channel) တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပြီး ဘောလုံးအားကစား နည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းအတွင်းသို့ အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။