နေပြည်တော်၊ ဇွန်လ (၂၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
ယနေ့ပွဲစဉ်များအဖြစ် နံနက် (၇)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃) တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ (၃)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ညနေ (၄) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃) တို့တွင် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မွန်ပြည်နယ်အသင်းမှ (၂)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။
(၂၆.၆.၂၀၂၁) ခုနှစ် ပွဲစဉ်များအဖြစ် ညနေ (၃)နာရီ (၃၀)မိနစ်အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)တွင် နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေး ကွင်း(၃) တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း ကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။