skip to content

နေပြည်တော်၊ ဇွန်လ (၂၄)ရက်။        ။ 

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး  မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းမြင့်မားလာပြီး သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ် နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်၊ ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော  ဦးကျော်မျိုးထွဋ်၊  ဦးမောင်မောင်ဝင်း၊  ဒေါ်သန်းသန်းလင်း၊  ဦးရဲတင့်၊  ဦးသန့်စင်၊  ဦးကိုကိုလွင်၊  ဦးမျိုးလှိုင်၊  ဒေါက်တာ အေးထွန်း၊  ဦးမင်းထိန်၊ ဦးအောင်ထွန်းခိုင်၊ ဦးဇော်အေးမောင်၊ ဦးဆန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။

                               

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကူးစက်မှု အခြေအနေကြောင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို တစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့ရာ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ  တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများအား ပြန်လည်ကျင်းပ ပေးမှာဖြစ်ပြီး ယခု တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲမှစတင်ပြီး ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါကြောင်း၊

ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကတော့ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ပိုမိုထွန်းကားပြန့်ပွားလာစေရေးတို့ကို ရည်ရွယ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေနှင့်လည်း ပြည်သူတစ်ရပ်လုံး အားကစားကိုစိတ်ဝင်စားလာပြီး မြို့နယ်များရှိ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ရပ်ကွက်/ကျေးရွာ များမှစ၍ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများ၊ ခရိုင်ပေါင်းစုံပြိုင်ပွဲများကိုလည်း နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန်များကို အဆင့်မြှင့်တင်ခြင်း၊ ထပ်တိုးတည်ဆောက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း (၂၄၄)ကွင်း၊  ပြေးလမ်းမပါ ဘောလုံးကွင်း (၁၇၁)ကွင်း၊ Synthetic  ပြေးလမ်းပါ ဘောလုံးကွင်း(၂၅)ကွင်း၊ (A)အဆင့် အားကစားရုံ(၂၄၈)ရုံ၊ (B)အဆင့် အားကစားရုံ(၁၆)ရုံ၊ အဆင့်မီ ဖူဆယ်အားကစားရုံ(၁၇)ရုံ၊ အဆင့်မီရေကူးကန်(၁၇)ကန်တို့ကို တိုးချဲ့တည်ဆောက်ပေးလျက်ရှိပါကြောင်း၊

ယခုအခါ နိုင်ငံတော်အနေဖြင့်လည်း ကျောင်းသားအားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်ရှိရေးအစီအမံများနှင့် အကြောင်းအမျိုးမျိုးကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားဟောင်းများအတွက် ထောက်ပံ့ကူညီနိုင်ရေး အစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို အားကစားသမားများ ဘက်မှလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မျိုးချစ်စိတ်ဓာတ်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊

မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်တာနဲ့အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ်နဲ့လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာဘောလုံးအသင်းအောင်မြင်မှုမှတ်တိုင်ရဲ့ အခြေခံအကြောင်းအရင်းကတော့ မြန်မာ့လက်ရွေးစင် လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ် အင်အားအများဆုံးဖြည့်တင်းပေးနိုင်ခဲ့တဲ့  တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ဘောလုံးအားကစား ပြန်လည်အောင်မြင်မှုရရှိရေးကို အရေးကြီးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အောင်နိုင်ရေးစီမံချက် များရေးဆွဲကာ အလေးအနက်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် ဘောလုံးအကယ်ဒမီ ကျောင်းများ ဖွင့်လှစ်ခြင်း၊ သက်တမ်းအလိုက် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်ပပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်စေခြင်း၊ အိမ်ရှင်အဖြစ်လက်ခံ၍ ဖိတ်ခေါ်ပွဲများ ကျင်းပပေးရခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍလို့ခေါ်ဆိုနိုင်တဲ့ MNL League ပြိုင်ပွဲ ကျင်းပစေမှုများကို အိမ်နီးချင်းနိုင်ငံများနည်းတူ ယှဉ်ပြိုင်စွမ်းအားဖြင့် ဆောင်ရွက်စေခဲ့ပါကြောင်း၊ ငွေကုန်ကြေးကျများစွာ ရင်းနှီးမှုများရဲ့နောက်မှာ ပြည်သူလူထုရဲ့စိတ်ဝင်တစား အားပေးဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

ယနေ့ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲဟာ ထူးချွန်ထက်မြက်တဲ့ သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေးအတွက် ဒီပြိုင်ပွဲကတဆင့် ရွေးချယ်ခံခဲ့ရတဲ့ သွေးသစ်လူငယ်ဘောလုံးကစားသမားတွေကို မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းကရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံ့ကိုယ်စားပြု ပါဝင်ကစားနိုင်တဲ့အထိ အောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ပြိုင်ပွဲရဲ့ ရည်မှန်းချက်မြင့်မားလာတာနှင့်အမျှ ပြိုင်ပွဲရဲ့အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနဲ့ ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ပြိုင်ပွဲဝင်းအသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက်ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဘောလုံးအသင်းနှင့် ရခိုင်ပြည်နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ် အသင်းမှ (၂)ဂိုး ဂိုးမရှိဖြင့် ရခိုင်ပြည်နယ်ဘောလုံးအသင်းမှ အနိုင်ရရှိသွားပါသည်။

၂၀၂၁ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်းအသင်း (၁၄)သင်းတို့သည် အားကစားလေ့ကျင့်ရေးကွင်းများနှင့် ဝဏ္ဏသိဒိ္ဓ ဘောလုံးအားကစားကွင်းတို့တွင် (၂၄.၆.၂၀၂၁)နှင့်မှ (၈.၇.၂၀၂၁)ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

 


back to top Eng