နေပြည်တော်၊ ဇွန်လ(၂၉)ရက်။ ။
အားကစားအဖွဲ့ချုပ်အလိုက် နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်းတိုးတက်စေရေးနှင့်နည်းပြများ၊ နည်းပြချုပ်၊ နည်းပြ၊ Trainer Helperများ အတည်ပြုသတ်မှတ်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တက်ရောက် အမှာစကား ပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် အားကစားနည်းအလိုက် နည်းပြများအရည်အသွေးသည် အသက်သွေးကြောပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြများ စွမ်းဆောင်ရည် (Skill Performed)များကို ပြန်လည်ဆန်းစစ်၍ Level အဆင့်သတ်မှတ်ကာ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ နည်းပြများသည် Teaching Skill သင်ကြားမှုအားနည်းပါကြောင်း Training Programe ရေးဆွဲတတ်စေရေးအတွက် (၁)လ သင်တန်းများတွင် အဓိကထားသင်ကြားနေသည် ဖြစ်ပါကြောင်း၊ မကြာခင် နည်းပြ(၃)လသင်တန်း ဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ နည်းပြ(၁)နှစ်သင်တန်း Diplomer အဆင့်သတ်မှတ်ပြီး ဖွင့်လှစ်ရန် သင်ရိုးညွှန်းတန်းရေးဆွဲနေပြီဖြစ်ပါကြောင်း၊ အဆိုပါ(၁)နှစ် သင်တန်းတက်ရောက်နိုင်ရေးအတွက် နည်းပြများဝင်ခွင့်သင်တန်း ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကို တက်ရောက်စေမည် ဖြစ်ပါကြောင်း၊ နည်းပြ(၁)နှစ်သင်တန်းကို Bsc sports သင်တန်းနှင့် တွဲဖက်တက်ရောက်ရမည်ဖြစ်ပါကြောင်း၊ အားကစားသမားဘဝမှ နည်းပြလိုင်းသို့ ကူးပြောင်းပြီး နည်းပြလုပ်ကိုင်ချင်သူများကို သီးခြားရွေးချယ်ပြီး သင်ကြားမှု အခြေခံ လေ့ကျင့်ရေးသဘောတရားများ အားကစားသမားများအား စိတ်ပိုင်းဆိုင်ရာ နားလည်မှုရှိစေရေး စသည်တို့ကို လေ့ကျင့်ပေးစေလိုကြောင်း နိုင်ငံတကာ၌လည်း အားကစားနည်းပြများအား Level အလိုက် အဆင့်သတ်မှတ် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ နည်းပြသင်တန်းပို့ချရာတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သည့် အားကစားအဖွဲ့ချုပ် တစ်ခုချင်းစီ၏ နည်းပြအရည်အချင်း သတ်မှတ်ဆွေးနွေးမှုများကို ယခုအစည်းဝေးတွင် တင်ပြရန်လိုအပ်ပါကြောင်း၊ အစည်းဝေးတက်ရောက်လာကြသူများမှ လိုအပ်သော အကြံဉာဏ်များ ရယူဝိုင်းဝန်း ဆွေးနွေးကြစေ လိုကြောင်း၊ နိုင်ငံတကာ အားကစားနည်းပြများတွင် (Service Book) သတ်မှတ်ပေးထားပြီး နည်းပြတစ်ဦးချင်းစီ၏ ပြိုင်ပွဲတွင်ပါဝင်၍ နည်းပြဆောင်ရွက်မှုမှတ်တမ်း၊ သင်တန်းတက်ရောက်မှု မှတ်တမ်းထားရှိ၍ ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နည်းပြများ အရည်အချင်း မြှင့်တင်ဆောင်ရွက်ရန် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအရည်အသွေး မြှင့်တင်ပြီးပါက မျိုးဆက်သစ်အားကစားသမားများ ရရှိရေး ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နည်းပြ၊ အားကစားသမားရရှိပြီးပါက စီမံအုပ်ချုပ်မှုအပိုင်းမှ မြန်မာအားကစား အောင်မြင်ရေးတွင် ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ရမည်ကို စီမံချက်ရေးဆွဲ ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ယနေ့အစည်းဝေးမှ နည်းပြအရည်အသွေး တိုးတက်ရေး Level သတ်မှတ်ရေးကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ရန်ကုန်မြို့၌ ဇွန်လ(၂၅)ရက် နေ့နှင့်(၂၆)ရက်နေ့များတွင် အားကစားအဖွဲ့ချုပ်(၃၁)ဖွဲ့မှ ကိုယ်စားလှယ်(၅၁)ဦးနှင့်တွေ့ဆုံ၍ အားကစားနည်းအလိုက် နည်းပြချုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ အကူနည်းပြများ သတ်မှတ်နိုင်ရေး၊ အားကစားနည်းအလိုက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်းတန်းရေးဆွဲနိုင်ရေး၊ ပြည်ပသို့ နည်းပြများ သင်တန်းစေလွှတ်နိုင်ရေး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသို့ အားကစားနည်းအလိုက် နည်းပြများစေ လွှတ်နိုင်ရေး စသည်တို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်တင်ပြဆွေးနွေးပါသည်။
ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ အားကစားနည်း(၁၄)မျိုးတွင် အားကစားနည်းအလိုက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် သင်ကြားနိုင်ရေး သင်ရိုး ညွှန်းတန်းများ ရေးဆွဲနိုင်မှု ကိစ္စရပ်များ၊ ပြည်ပသို့နည်းပြများ သင်တန်းစေလွှတ်မှု ရွေးချယ်မှုကိစ္စရပ်များ၊ နိုင်ငံတကာတွင် အားကစားနည်းအလိုက်သင်တန်းများ တက်ရောက်နိုင်ရေးတွင် ချိတ်ဆက်ဆောင်ရွက်နိုင်မှု ကိစ္စရပ်များကို ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ အားကစားအဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် နည်းပြချုပ်များ၊ လက်ထောက်နည်းပြချုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ Trainer ၊ Helper များ သတ်မှတ်ထားရှိမှုအခြေအနေ၊ အားကစားနည်းအလိုက် ပြည်ပသင်တန်းများသို့ သွားရောက်တက်ရောက်ပြီးစီးမှုအခြေအနေ၊ ပြည်ပသင်တန်းသို့ နည်းပြများတက်ရောက်ရန် လတ်တလော ရွေးချယ်ထားရှိမှု အခြေအနေ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိဝန်ထမ်းများ၊ အားကစားနည်းအလိုက် နည်းပြသင်တန်းများ တက်ရောက်ပြီးစီးမှုအခြေအနေ၊ အားကစားနည်းအလိုက် အားကစား နည်းပြချုပ်၊ လက်ထောက်နည်းပြ၊ နည်းပြ၊ သတ်မှတ်ထားရှိသည့် စာရင်းဇယားများကို အသေးစိတ် ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ အစည်းဝေးတက်ရောက်လာကြသူများ အကြံပြုဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်ပြောကြားရာတွင် အားကစားနည်းပြ (၁)လ သင်တန်းအား Online မှ ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန် သင်တန်းတက်ရောက်လိုသူများ စာရင်းပြုစုရန် အားကစား အဖွဲ့ချုပ်အလိုက် အားကစားအခြေခံနည်းစနစ်များ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ထုတ်လွှင့်ပြသရန် ပြည်သူများ၊ ဝါသနာပါသူများ ကျန်းမာရေးတွင် လိုက်ပါလေ့ကျင့်စေရေး စီစဉ်ဆောင်ရွက်ရန်၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များ အားကစားဟောပြောပွဲများ၊ သရုပ်ပြသခြင်းများ စီစဉ်ဆောင်ရွက်ရန် ဌာနတွင်းဝန်ထမ်းများ ပြည်ပသို့ နည်းပြသင်တန်း မစေလွှတ်မီ ပဏာမ ရွေးချယ်ထားရှိပြီး English ဘာသာစကား ပိုမိုကျွမ်းကျင်တတ်မြောက်ရန်၊ Computer ပိုမိုအသုံးပြုတတ်စေရေး ကြိုတင်လေ့ကျင့်သင်ကြားပေးစေရန်ပြောကြားခဲ့ပါသည်။