skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၁၀)ရက်။
 
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ဘဏ္ဍာရေးရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ အားကစားတိုးတက်ရေးအတွက် အထောက်အကူပြုနည်းပြများပေါ် ထွန်းလာစေရေး၊ လူငယ်လက်ရွေးစင်များပေါ်ထွန်းလာစေရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကွင်း/ရုံဆိုင်ရာကိစ္စရပ်များ၊ အစရှိသည့် ကဏ္ဍအလိုက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်း အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ Video Conferencing စနစ်အသုံးပြု၍ ယနေ့ နံနက် (၁၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
 
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အားကစားတိုးတက်ရေးဆိုင်ရာအစည်းအဝေးတွင် သမာရိုးကျလုပ်ဆောင်မှုများမှ ဖောက်ထွက်ပြီး မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နိုင်မည့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးအမှန်တကယ်ပါဝင်ဆောင်ရွက်နိုင်မည့် ဖြစ်နိုင်ချေရှိသည့်အစီအမံများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးတင်ပြဆွေးနွေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (၅)ရရှိနိုင်ရေး၊ အားကစားဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအသင်းအဖွဲ့သင်တန်းကျောင်းများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူငယ်ပြန်လည် ထူထောင်ရေးသင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများတွင် အားကစားသင်တန်းများ၊ ပြိုင်ပွဲများ ဖွင့်လှစ်ကျင်းပခြင်းဆိုင်ရာ အစီအမံများ၊ ယခု (COVID-19)ကာလအတွင်းကျင်းပမည့် Online ပြိုင်ပွဲများကျင်းပမည့်အစီအမံများ၊ ရပ်ကွက်ကျေးရွာများတွင် မြေနေရာ ရရှိမှုအပေါ်မူတည်၍ အားကစားကွင်းများပေါ်ထွက်လာရေးဆောင်ရွက်ချက် အစီအမံများ၊ သက်ဆိုင်ရာလူမျိုးစုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျင်းပမည့် အားကစားသင်တန်းများ/အားကစားပြိုင်ပွဲများဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရေးအတွက် အလားလာရှိသော ကစားသမားများရွေးချယ်၍ စခန်းသွင်းလေ့ကျင့် ပါဝင်ယှဉ်ပြိုင်မည့်အစီအစဉ်များ၊ အားကစားသိပ္ပံကျောင်းများသို့ အရည်ချင်းပြည့်မှီသော သင်တန်းသားများရရှိနိုင်ရေးဆိုင်ရာအစီအစဉ်များ၊ ဝန်ထမ်းများ အရည်အချင်းမြင့်မား၍ စည်းကမ်းကောင်းမွန်အောင် ဆောင်ရွက်ချက် အစီအမံများ၊ သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် သင်တန်းများပို့ချမှုအစီအစဉ်များ၊ ဘဏ္ဍာရန်ပုံငွေနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ Outdoor Fitness တပ်ဆင်ထားရှိမှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းဖွဲ့စည်းပုံခန့်အပ်ထားနိုင်ရေး ဆိုင်ရာကိစ္စရပ်များအစရှိသည်တို့ကို သက်ဆိုင်ရာ နှစ်အလိုက် အသေးစိတ်တင်ပြခဲ့ပါသည်။
 
 
ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင် မှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည်(၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့် အစီအမံများဖြစ်သော ဝန်ထမ်းခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း အားကစားပြိုင်ပွဲများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကလပ်များ ဖွင့်လှစ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အခြေခံပညာကျောင်းများသို့ အားကစားသင်တန်းများ ပို့ချနိုင်မှုဆိုင်ရာကိစ္စရပ်များ၊ EIM အစီအစဉ်အရ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ ပြည်နယ်အားကစားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ၊အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ အားကစား အခြေခံ/အဆင့်မြင့်၊ နည်းပြဒိုင်သင်တန်းများဖွင့်လှစ်ခြင်းဆိုင်ရာကိစ္စများ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်အဆင့်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း /အားကစားရုံဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
 
 
ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးမှ ၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ ရှေ့လာမည့် (၅)နှစ်အတွင်း စီစဉ်ဆောင်ရွက်မည့်အစီအမံများဖြစ်သော ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကွင်း/ရုံပြုပြင်ထိန်းသိမ်းတည်ဆောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင် လေ့ကျင့်နိုင်ရေးကိစ္စရပ်များ၊ အားကစားနှင့် ပညာရေးပေါင်းစပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကလပ်များဖွဲ့စည်း နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူထုအားကစားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ကွက်/ ကျေးရွာ များ၊ တက္ကသိုလ်/အခြေခံပညာကျောင်းများ၊ စက်ရုံ/အလုပ်ရုံများတွင် အားကစားဟောပြောပွဲ၊ သရုပ်ပြပွဲများပြုလုပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသို့ အရည်အချင်းပြည့်မှီသည့် သင်တန်းသား/သူများ ရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်/ ကျေးရွာများတွင် အားကစားကွင်းများဖော်ထုတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို သက်ဆိုင်ရာနှစ်အလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပါသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသခံများစိတ်ပါဝင်စားပြီး အားသာသည့် အားကစားနည်းများကို ဦးစွာပထမ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းရှိနည်းပြများ အရည်အသွေးတိုးတက်ကောင်းမွန်စေလိုကြောင်း၊ အားကစားသင်တန်းများ ပြိုင်ပွဲများတွင် အရည်အချင်းပြည့်မှီသော လူငယ်အားကစားသမားကောင်းများ ရရှိစေနိုင်ရေးအတွက် (Talent Scout) အဖွဲ့များ ဖွဲ့စည်းထားရှိရန်လိုအပ်ပါကြောင်း၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ရန်သာမက ဒေသတွင်းမြို့နယ်များရှိ မသန်စွမ်းပြည်သူများ၊ ဉာဏ်ရည်မမှီကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက်စိတ်ဓာတ်မြှင့်တင်ရေး အားကစားဆိုင်ရာ အစီအစဉ်များပါ ထည့်သွင်းစဉ်းစားကျင်းပပေးသင့်ပါကြောင်း၊ ဒေသတွင်းရိုးရာ အားကစားနည်းများရှာဖွေဖော်ထုတ်၍ ကျင်းပပေးစေလိုပါကြောင်းပြည်သူများအား အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အားကစားတန်ဖိုးများကိုသိရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

back to top Eng