skip to content

နေပြည်တော်၊ ဇွန်လ(၉)ရက်။  

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း(၄လ)ပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၈)နာရီ (၃၀)မိနစ်အချိန်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာန ရုံး(၃၁) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်(အားကစား) ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီလမှ မေလ(၄လ)ပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေနှင့် ကြုံတွေ့ရသော အခက်အခဲများကို သိရှိနိုင်စေရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဧပြီလ(၁၀) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ မိမိအနေဖြင့် ခရီးစဉ်သွားရောက်ခဲ့ပြီး ညွှန်ကြားခဲ့သည့် လုပ်ငန်းပြီးစီးမှုအခြေအနများကို ပြန်လည်တင်ပြကြရန် လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲကွင်းရုံများ     နိုင်ငံတော်အကြီးအကဲအနေဖြင့် အားကစားကို အထူးအလေးပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့မှုများကြောင့် အားကစားကွင်းရုံများ ဥပဓိရုပ် အပြင်အဆင် ကောင်းမွန်စေရေး၊ နိုင်ငံတကာအဆင့်မီစေရေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး အထူးအလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အားကစားကွင်း/အားကစားရုံများ ပြုပြင်ထိန်းသိမ်းမှု၊ အသစ်တည်ဆောက်မှုများကို နိုင်ငံတော်အကြီးအကဲအနေဖြင့် ဦးစားပေးဆောင်ရွက်ပေးနေသော အချိန်အခါ ဖြစ်သောကြောင့် မိမိတို့အနေဖြင့် လုပ်ငန်းများကို တိတိကျကျ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ညွှန်ကြားချက်များကို ပေါ့ပေါ့ဆဆမပြုလုပ်ကြစေပဲ အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားကွင်း/အားကစားရုံများ ပြုပြင်မှုနှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းအဆင့်၊ မြို့တော်အဆင့်ကွင်းများကို စာရင်းပြုစုထားရှိမှုများ၊ ဒုတိယအဆင့်အနေဖြင့် ခရိုင်အဆင့် အားကစားကွင်း/ အားကစားရုံများနှင့် တတိယအဆင့်အနေဖြင့် မြို့နယ်အဆင့် အားကစားကွင်း/အားကစားရုံများကိုလည်း စာရင်းပြုစု ထားရှိရန်လိုအပ်ပါကြောင်း၊ လက်ရှိပြုစုထားသော စာရင်းအရ အားကစားကွင်းမရှိသောမြို့နယ် (၇၉)မြို့နယ်နှင့် အားကစားရုံမရှိသောမြို့နယ် (၁၄၆)မြို့နယ်မရှိပါကြောင်း၊ အားကစားကွင်း/အားကစားရုံ များတည်ဆောက်ရာတွင် ကျယ်ဝန်းသောလမ်းများ၊ လာရောက်ကြည့်ရှုသော ပရိတ်သတ်များ လွယ်ကူလျင်မြန်စွာ ဝင်ထွက်နိုင်စေရန်အတွက် ဝင်ထွက်ပေါက်(၄)ပေါက် အနည်းဆုံးထားရှိရန်နှင့် ဆိုင်ကယ်၊ ကား၊ ယာဉ်များရပ်နားနိုင်စေရန် ယာဉ်ရပ်နားစခန်းများကို ထည့်သွင်းရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်တိုင်း တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် မြေနေရာ အကျယ်အဝန်း၊ မြို့နှင့်နီးစပ်သောနေရာများ ရရှိဆောင်ရွက်နိုင်ကြစေရန်လိုအပ်ပါကြောင်း၊ အားကစားလုပ်ငန်းများ ပြုလုပ်ရာတွင် သွားလာဆက်သွယ်လွယ်ကူလျင်မြန်မှသာ လာရောက်အားကစားပြုလုပ်သူများလာမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းတာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် မြို့နယ်များကို အနည်းဆုံးတစ်လတစ်ကြိမ် ကွင်းဆင်းကြည့်ရှု စစ်ဆေးရန်လိုအပ်ပါကြောင်း၊ ရေကူး၊ ပြေးခုန်ပစ် အားကစာနည်းများသည် ဆုတံဆိပ်များစွာရရှိနိုင်သည့် အားကစားနည်းများ ဖြစ်သည့်အတွက် ရေကူးနှင့် ပြေးခုန်ပစ်အားကစားနည်းများကို ပြုစုပျိုးထောင်မွေးထုတ်ရန်လိုအပ်ပါကြောင်း၊ လာမည့်ဘတ်ဂျက် ကာလတွင် ရေကူးကန်များနှင့် ဒိုင်ပင်ကန်ပါသည့် ရေကူးကန်များကို တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း၊ Training Center များကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက် ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ ဦးစီးဌာနပိုင် မြေဂရမ်ရရှိမှု၊ ရရှိသည့်မြေနေရာများတွင် ပွဲကြည့်စင်များ တည်ဆောက်ရာ၌ သက်ဆိုင်ရာဒေသ၏ လူဦးရေအချိုးနှင့် မြို့တော်အဆင့်တွင် အနည်းဆုံးလူဦးရေ(၁၀၀၀၀ သို့မဟုတ် ၁၅၀၀၀)ဆံ့ ပွဲကြည့်စင်ရှိအောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို သေချာစွာလေ့လာပြင်ဆင်လေ့ကျင့်ပြီး တက်ကျွမ်းသည့်သူများ အုပ်ချုပ်နည်းပြများ တာဝန်ပေး၍စေလွှတ်ပြီး အလေးအနက်ထား ယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်မှ ကျောင်းအုပ်ကြီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသားများ ရောက်ရှိသတင်းပို့မှု အခြေအနေ၊ ပညာရေး ဆရာ/ဆရာမများ လက်ရှိအခြေအနေ၊ အားကစားနည်းပြများ လက်ရှိအခြေအနေ၊ ကျန်းမာရေးဆောင်ရွက်ပေးနိုင်မည့် ဝန်ထမ်း အခြေအနေ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအခြေအနေ၊ အားကစားကွင်း/အားကစားရုံများ၊ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားရှိမှု အခြေအနေ၊ သင်တန်းသားများ Covid-19 ကာကွယ်ရေး စီမံထားရှိမှု အခြေအနေ၊ သင်တန်းသား/သူများ လေ့ကျင့်ပညာသင်ကြားရေးအတွက် လုံခြုံရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို အသီးသီးတင်ပြဆွေးနွေးကြပါသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လိုအပ်သည်များ ဖြည့်စွက်တင်ပြပါသည်။

ထိုနောက် ဒုတိယဝန်ကြီးမှ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများ လိုအပ်ချက်အား ပညာရေးဝန်ကြီးဌာန ညှိနှိုင်းဆောင်ရွက်ရေး (၁၀)တန်းအောင်ချက် မြင့်မားစေရေးအတွက် ပြင်ပသင်ကြားရေး ဆရာများ ဌားရမ်း၍ အချိန်ပို သင်ကြားနိုင်ရေး ကိစ္စရပ်များ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများ၊ ကျောင်းလုံခြုံရေး စီစဉ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံညွှန်ကြားရေးမှူးများမှ ဝန်ထမ်းရေးရာကိစ္စရပ်များ နွေရာသီသင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေများ၊ တိုင်း/ခရိုင်/မြို့နယ် အားကစားပြိုင်ပွဲများ ကျင်းပပြီးစီးမှု အခြေအနေများ၊ အားကစားကွင်း/အားကစားရုံ ပြုပြင်ထိန်းသိမ်းမှု အသစ်တည်ဆောက်မှု ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ လုံခြုံမှုကိစ္စရပ်များ၊ ဒုတိယဝန်ကြီးခရီးစဉ် စစ်ဆေးလမ်းညွှန် မှာကြားချက်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အားကစားကွင်း/အားကစားရုံများ အသစ်ပြုပြင်တည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားချက်များအပေါ် စီမံဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များ အသီးသီးတင်ပြဆွေးနွေးကြပါသည်။

ထို့နောက် ဌာနခွဲညွှန်ကြားရေးမှူးများမှ လိုအပ်သည်များ ထပ်မံဖြည့်စွက်ဆွေးနွေးကြပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဖြည့်စွက်၍ ဦးစီးဌာန၏ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ ပြိုင်ပွဲများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားကွင်း/အားကစားရုံအသစ် တည်ဆောက်မှု ဘတ်ဂျက်လျာထားမှု ကိစ္စရပ်များ၊ လူထု/အားကစား လှုပ်ရှားဆောင်ရွက်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ မြေဂရန်ရရှိရေး ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များ ဖြည့်စွက်ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ တိုင်းဓေသကြီးနှင့် ပြည်နယ်အသီးသီးရှိဝန်ထမ်းများ၊ အားကစားကွင်း/ အားကစားရုံများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အားကစားကွင်း/အားကစားရုံများ ပြုပြင်တည်ဆောက်ရာတွင် ဒေသဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အင်ဂျင်နီယာမှူးကြီးများ၊  ဦးစီးဌာနရှိ အင်ဂျင်နီယာများနှင့် ပူးပေါင်းဆောင်ရွက်၍ ပုံစံဒီဇိုင်းရေးဆွဲကာ ဘတ်ဂျက်အတည်ပြု အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များကို အသေးစိတ် ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

 


back to top Eng