ရန်ကုန် ၂၈ နို၀င်ဘာ
အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အွန်လိုင်းကရာတေး “ခတ” အမျိုးသား၊ အမျိုးသမီး ဂျူနီယာနှင့် ယူ-၂၁ ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲ၌ ဂျူနီယာအဆင့်တွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦး၊ ယူ-၂၁ ပြိုင်ပွဲတွင် အမျိုးသားရှစ်ဦး၊ အမျိုးသမီးခြောက်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဆုကြေးအဖြစ် ဂျူနီယာအဆင့်တွင် ပထမ ကျပ် တစ်သိန်း၊ ဒုတိယ ကျပ် ခုနှစ်သောင်းငါးထောင်၊ ပူးတွဲတတိယ ကျပ်ငါးသောင်းစီ၊ ယူ-၂၁ ပြိုင်ပွဲတွင် ပထမ ကျပ်တစ်သိန်းငါးသောင်း၊ ဒုတိယ ကျပ်တစ်သိန်း၊ ပူးတွဲတတိယ ကျပ်ခုနှစ်သောင်းငါးထောင်စီ ချီမြင့်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲများကို လေးပတ်ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်များမှ အသင်း ၂၅ သင်း၊ အားကစားသမား ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ပြိုင်ပွဲတွင်အမျိုးသမီးတစ်ဦးချင်း “ခတ” ဂျူနီယာတန်း၌ ပထမဆု နန္ဒာနိုင်(အောင်ဆန်း)၊ ဒုတိယဆု နန္ဒာနှင်း (အောင်ဆန်း)၊ ပူးတွဲတတိယ ထက်ယမင်းဦး (ရန်ကုန်သိပ္ပံ)၊ ဦးမြာ (ကယား)၊ အမျိုးသားဂျူနီယာတန်းတွင် ပထမ မင်းခန့်ဝေထွန်း (အောင်ဆန်း)၊ ဒုတိယ သိန်းထိုက်အောင် (ကယား)၊ ပူးတွဲတတိယ ကောင်းမြတ်မင်း (အောင်ဆန်း)၊ ကောင်းခန့်ဦး (တောင်ကြီးသိပ္ပံ) တို့ကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း “ခတ” ယူ-၂၁ ပြိုင်ပွဲတွင် ပထမ ဖလောရင့်နေခြည်ထွန်း (ကယား)၊ ဒုတိယ ခရစ္စတင်း(ကယား)၊ ပူးတွဲတတိယ မြတ်နိုးဖြူစင်နှင့် ပြည့်စုံကျော် (ကျိုက္ကဆံ)၊ ယူ-၂၁ အမျိုးသားတွင် ပထမ မင်းနိုင်ငြိမ်း (တောင်ကြီးသိပ္ပံ)၊ ဒုတိယ အုပ်စိုးခန့် (ကယား)၊ ပူးတွဲတတိယ သက်ထူးစံ (ရန်ကုန်တက္ကသိုလ်)၊ လင်းထက်ဦး (ကချင်) တို့အသီးသီးရရှိကြသည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ၀င်းဇော်က ကျေးဇူးတင်စကား ပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးဦးကျော်ကျော်မိုးနှင့် အမှုဆောင်များ၊ အုပ်ချုပ်နည်းပြနှင့် ကစားသမားများ၊ ဂျပန်နိုင်ငံရောက် မြန်မာကရာတေး ကျောင်းသားများ ကြည့်ရှု့အားပေးခဲ့ကြသည်။
“ကျွန်တော်တို့ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအတွက် ရည်ရွယ်ကျင်းပနေတဲ့ Kata Online Series ပြိုင်ပွဲမှာ ပေါ်ထွက်လာမယ့် မျိုးဆက်သစ်ကစားသမားများကိုပါ ထည့်သွင်းစဉ်းစားပြီး၊ ယခင်နောက်ဆုံး ရွေးချယ်ထားတဲ့ ၂၀၁၉ ခုနှစ်အတွင်း ပြိုင်ပွဲအသီးသီးက ထူးချွန်သူများနဲ့ ပေါင်းစပ်စာရင်း ပြုစုထားပြီးဖြစ်ပါတယ်။ လတ်တလော အခြေအနေအရ စခန်းဝင်လေ့ကျင့်မှု ရပ်နားထားပါတယ်။ မိမိအစီအစဉ်ဖြင့်မိမိတို့ လေ့ကျင့်ကစားနေကြပြီး မကြာမီ ပြန်လည်စုစည်း လေ့ကျင့်ပေးနိုင်ဖို့လည်း မျှော်လင့်ပြင်ဆင်ထားပါတယ်” ဟုအတွင်းရေးမှူးဦးကျော်ကျော်မိုး ကပြောသည်။
အာကာစိုး
Credit: Myanmar Digital News