skip to content

နေပြည်တော်၊ အောက်တိုဘာလ(၂၇)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနတွင်ဖွင့်လှစ်မည့်အားကစားနည်းပြမွမ်းမံ(၁)လသင်တန်း၊ အားကစားနည်းပြ(၃)လ သင်တန်းနှင့် အားကစားဒီပလိုမာ(၁)နှစ် သင်တန်းများအတွက် သင်ရိုးညွှန်းတမ်း အတည်ပြုရေးဆွဲနိုင်ရေးနှင့် သင်တန်းအချိန်ဇယားခွဲဝေသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) အစည်းအဝေးခန်းမ၌ Virtual Meeting (video Conferencing) စနစ်ဖြင့် ယနေ့နံနက် (၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစား နှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြှာ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အစည်းအဝေးအဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် မြန်မာ့အားကစားတိုးတက်မြင့်မားရေးအတွက် အားကစားနည်းပြအခန်းကဏ္ဍသည် အလွန်အရေးကြီးလျက်ရှိပြီး အားကစားနည်းပြများ အရည်အချင်းတိုးတက်မြင့်မားမှသာ အားကစားသမားများ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနည်းအလိုက် နည်းပြများ အရည်အချင်း တိုးတက်ကောင်းမွန် ပေါ်ထွက်လာစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ လမ်းညွှန်ချက်များ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ စီမံညွှန်ကြားချက်တို့ဖြင့် ယခုနည်းပြသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခင်ဖွင့်လှစ်ပြီးစီးခဲ့သည့် နည်းပြသင်တန်းများ၏ အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး ယခင်သင်တန်းများထက် ပိုမိုကောင်းမွန်ထိရောက်မှုရှိသော သင်တန်းဖွင့်လှစ်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ ဦးစွာပထမအနေဖြင့် အားကစားနည်းပြမွမ်းမံ(၁)လသင်တန်းကို ဖွင့်လှစ်ရန်လိုပါကြောင်း၊ အားကစားနည်းပြ(၃)လသင်တန်းနှင့် အားကစားဒီပလိုမာ(၁)နှစ်သင်တန်းအတွက် သင်တန်းသားများအတွက် အမှန်တကယ် ထိရောက် အကျိုးဖြစ်ထွန်းစေနိုင်မည့် သင်တန်းဖြင့်လာစေရန်နှင့် မျက်မှောက်ခေတ် အားကစားလောက၏ ပြောင်းလဲလာသော သင်ရိုးညွှန်းတမ်းများ ထည့်သွင်းနိုင်ရေးနှင့် သင်တန်း အချိန်ဇယားများ အတည်ပြုသတ်မှတ်နိုင်ရေးကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ ဆွေးနွေး တင်ပြရာတွင် နည်းပြမွမ်းမံ(၁)လသင်တန်းကို အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ နည်းပြများကို ဦးစားပေးတက်ရောက်စေမည်ဖြစ်ပါကြောင်း၊ ပို့ချမည့် သင်တန်းအလိုက် သင်တန်းသားများ၏ အရည်အချင်းသတ်မှတ်ချက်များ၊ သင်တန်းဝင်ခွင့်ကိစ္စရပ်များ၊ သတ်မှတ် သင်တန်းအလိုက်ပို့ချမည့် သင်ရိုးညွှန်းတမ်းများ၊ အချိန်ဇယားခွဲဝေရေးဆိုင်ရာများကို တင်ပြ ဆွေးနွေးခဲ့ပါသည်။

အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာမှ တင်ပြဆွေးနွေးရာတွင် သင်တန်းအကြိုစစ်ဆေးချက်၊ သင်တန်းပြီးဆုံးသည့်အချိန် စစ်ဆေးချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အားကစားဒီပလိုမာ(၁)နှစ်သင်တန်းအတွက် ပြင်ပမှအားကစားကို စိတ်ပါဝင်စားသူများပါ တက်ရောက်ခွင့်ပြုပေးစေလိုကြောင်း၊ သင်တန်းသားများအတွက် တူညီသော အရည်အချင်း သတ်မှတ်ပေးနိုင်ရေး ဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ မိမိတို့၏ ယခင်သင်တန်းများမှ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ ယခုဖွင့်လှစ်မည့် အားကစားနည်းပြသင်တန်းများနှင့် အားကစားဒီပလိုမာသင်တန်းများအတွက် သင်ရိုးညွှန်တမ်းများနှင့် သက်ဆိုင်သော သင်တန်းအချိန်ဇယား ခွဲဝေသတ်မှတ်မှု ဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းတက်ရောက်မည့် သင်တန်းသားများအတွက် အရည်အချင်းသတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းပို့ချမည့် ဘာသာရပ်များအလိုက် သင်တန်းသားများ အမှန်တကယ် လိုက်ပါဆောင်ရွက်နိုင်မည့် သင်ရိုးညွှန်တမ်းများ၊ စာတွေ့၊ လက်တွေ့ပို့ချမှုဆိုင်ရာများ၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲနေသော အားကစားနည်း စနစ်များကို သင်ရိုးညွှန်တမ်းများတွင် ဖြည့်သွင်းပို့ချနိုင်ရေးဆိုင်ရာများ သက်ဆိုင်ရာသင်တန်းအလိုက် အချိန်ဇယားများ ရေးဆွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်ပေးပုံစံစနစ်များ၊ ဝင်ခွင့်ပုံစံဆိုင်ရာ သတ်မှတ်ချက်များ၊ သင်တန်းကာလအတွင်းနှင့် သင်တန်းပြီးဆုံးသည့်အချိန်တွင် သုတေသနစစ်တမ်း ပြုလုပ်မည့် ဆိုင်ရာအကြောင်းအရာများ၊ အားကစားဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများကို သက်ဆိုင်ရာ သင်တန်းအလိုက် ထိရောက်စွာ ထည့်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဦးစွာမိမိတို့သင်တန်းကို တက်ရောက်မည့် နည်းပြ သင်တန်းသားများ၏ အရည်အချင်းစွမ်းဆောင်ရည်များအလိုက် ကွဲပြားနိုင်သည်ဖြစ်၍ သက်ဆိုင်ရာဖွင့်လှစ်မည့် သင်တန်းအမျိုးအစား အဆင့်အလိုက်ထိရောက်မှုရှိသော သင်ရိုးညွှန်း တမ်းများ ရေးဆွဲရန်လိုအပ်ပါကြောင်း၊ သင်တန်းပြီးစီးသည့်အချိန်တွင်လည်း အမှန်တကယ် အသုံးချနိုင်မှသာ အကျိုးရှိသော သင်တန်းတစ်ရပ် ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့မှသာ  အားကစားလောကတွင် ဖြစ်ပေါ်နေသော အရည်အချင်းပြည့်မီသော နည်းပြမျိုးဆက် ပြတ်လပ်မှုကို အချိန်မီ ကုစားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

         

 

         

 


back to top Eng