နေပြည်တော်၊ ဇွန်လ (၁)ရက်။
အားကစားနည်းပြများအလိုက် နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်းများ တိုးတက်စေရေး ဦးတည်လျက် အားကစားနည်းအလိုက် နည်းပြများအား Level ခွဲခြား၍ ပြည်တွင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် ပြည်ပသို့ Level အလိုက် စေလွှတ် တက်ရောက်စေမည့် သင်တန်းကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအားကစားနည်းအလိုက် နည်းပြများ၏ အရည်အချင်းမှာ အဓိကကျပါကြောင်း၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ မွေးထုတ်ပေးလျက်ရှိသော အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းများတွင် အားကစားနည်းအလိုက် နည်းပြများ အရည်အချင်းရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အားကစားအလိုက် နည်းပြများ အရည်အချင်း ရှိရန်လိုအပ်ကြောင်း၊ ဒေသတွင်း အားကစားနည်းအလိုက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနအသင်းများ၊ အားကစား ကလပ်အသင်းများတွင် အရည်အချင်းရှိသော နည်းပြများ လိုအပ်ပါကြောင်း၊ လက်ရှိ မြန်မာပြည်ရှိ နည်းပြများမှာ အရည်အချင်းတိုးတက်ရန် များစွာလိုအပ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲနှင့် သိပ္ပံကျောင်းများတွင် အားကစားနည်းအလိုက် နိုင်ငံခြား နည်းပြများကိုသာ များသောအားဖြင့် အားကိုးနေရသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာအားကစားနည်းအလိုက် လက်ရှိ လုပ်ဆောင်လျှက်ရှိသော နည်းပြများ အရည်အချင်းတိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ရေတိုရေရှည် ချမှတ်ဆောင်ရွက်နိုင်ရေး အစီအစဉ်ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ မြန်မာအားကစား ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူဆောင်ရွက်နေရသော တာဝန်ရှိသူများအနေနှင့် အားကစားနည်းအလိုက် နည်းပြများအား တစ်ဦးချင်း နည်းပြအရည်အချင်း Level၊ ကိုယ်ရေးရာဇဝင် သမိုင်းကြောင်း စသည်တို့ကို တက်နိုင်သမျှ သိရှိစေရန် လိုအပ်ကြောင်း၊ နည်းပြတစ်ဦးချင်းစီ၏ အရည်အချင်းတိုးတက်စေရန် ဘာတွေလုပ်ဆောင်ပေးရမလဲ၊ ဘယ်လိုသင် တန်းတွေ ပြည်ပသို့ စေလွှတ်ရန် သင့်မသင့်၊ နည်းပြတစ်ဦးချင်းစီ၏ အားကစားတင်ပြမှု Coaching Level၊ အင်္ဂလိပ်စာ တတ်မြောက်မှု၊ ကွန်ပျူတာ အသုံးပြုနိုင်မှု စသည်တို့ကို တစ်ဦးချင်းစီ သိရှိစေရန် လိုအပ်ပါကြောင်း၊ ၂၀၂၁ခုနှစ်၊ (၃၂)ကြိမ်မြောက် Sea Games ပြိုင်ပွဲ အောင်နိုင်ရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်စရာရှိရာများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် နည်းပြများ အရည် အချင်းမြှင့်တင်ရေးကို ပထမဦးစားပေး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ အားကစား အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ နည်းပြတစ်ဦးချင်းစီ၏ နည်းပြချုပ် ဖြစ်နိုင်ချေရှိ/မရှိ၊ ရှိအောင်ဘယ်လိုမြှင့်တင် ပံ့ပိုးရ မည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း၊ တတ်နိုင်လျှင် ဦးစီးဌာနရှိ ဝန်ထမ်းများအား ဦးစားပေးစီစစ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ နည်းပြများ အရည်အချင်းရှိပါမှ နိုင်ငံအတွင်း မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ လက်ရှိ တစ်နိုင်ငံလုံးရှိ အားကစားနည်းအလိုက် လုပ်ကိုင်လျက်ရှိသော အားကစားနည်းပြများအား စာရင်းဇယား ပြုစု၍ Level အဆင့် သတ်မှတ်ပြီး ဘယ်လိုအဆင့်မှ တာဝန်သတ်မှတ်ပေးရန်နှင့် နည်းပြအရည်အချင်းများ တိုးတက်ရန် ဘယ်လိုဆောင်ရွက်ရမည်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြလိုပါကြောင်း၊ ဖြစ်နိုင်လျှင် အားကစားနည်းအလိုက် ပြည်တွင်းနည်းပြများသာ အသုံးပြုစေလိုကြောင်း၊ မတက်သာမှသာ ပြည်ပနည်းပြများကို ငှားရမ်းသုံးစွဲရန် ပြုလုပ်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-၂ မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ အားကစားအဖွဲ့ချုပ်နှင့် သိပ္ပံများမှ အားကစားနည်းအလိုက် နည်းပြများ စာရင်းဇယား ပြုစုထားရှိမှု အခြေအနေ၊ နည်းပြများ Level အဆင့် သတ်မှတ်ထားရှိမှု အခြေအနေ၊ ကဏ္ဍအလိုက် ခွဲခြားသတ် မှတ်ထားရှိမှုအခြေအနေ၊ ပြည်တွင်းနည်းပြများ သင်တန်းပို့ချထားရှိမှုအခြေအနေ၊ ပြည်တွင်း Diploma နည်းပြသင်တန်းဖွင့်လှစ်ထားရှိရန် ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်-၁ ဦးထွန်းမြင့်ဦးမှ ပြည်တွင်း Diploma တစ်နှစ် နည်းပြသင်တန်း ဖွင့်လှစ်ရန်ထက် ပြည်ပသင်တန်းများသို့ နည်းပြများ အရည်အချင်း စီစစ်စေလွှတ်ရန် ပိုမိုသင့်တော်ကြောင်း ဖြည့်စွက်ရှင်းလင်း ပြောကြား၍လည်းကောင်း၊ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်-၃ ဦးကျော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးသိန်းထွန်းလတ် တက်ရောက်ကာ ဌာနခွဲ ညွှန်ကြားရေးမှူးများမှ ပြည်တွင်းနည်းပြများ အဆင့် Level မြှင့်တင်နိုင်ရေးတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပြည်တွင်းနည်းပြ Level မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအိုလံပစ်ကော်မတီ အစီအစဉ်ဖြင့် အားကစားနည်းအလိုက် (Covid-19 ခေတ်ကာလအတွင်း) Online မှ သင်တန်းများ ပို့ချလျက်ရှိပါကြောင်း၊ ဤသင်တန်း သင်ယူတတ်မြောက်စေရေးအတွက် နည်းပြများ အရည်အချင်း စီစစ်ရွေးချယ်ရန် လိုအပ်ပါကြောင်း၊ ဦးစီးဌာနနှင့် အဖွဲ့ချုပ်လုပ်ငန်းတာဝန်များကို သတ်သတ်မှတ်မှတ် တာဝန်ယူဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြည်တွင်းနည်းပြများ၏ အဓိက Traning Program ကို ရေးဆွဲနိုင်ရေး အဓိကထားသင်ကြားပေးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုန်းချုပ်ပြောကြားရာတွင် နည်းပြများဆက်လက်မြှင့်တင်ရန် စီမံချက်များ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ၊ ပြည်ပသို့စေလွှတ်ရန် လိုအပ်သောသင်တန်းသားများအပြင် ပြည်တွင်း၌ ပြည်ပနိုင်ငံခြားသားနည်းပြ ခေါ်ယူ၍ ဘာသာပြန်ဖြင့် သင်တန်းပို့ချရန်၊ Online မှ ပို့ချသော သင်တန်းများအား ဘာသာပြန်ဖြင့် သင်တန်းများ ပြန်လည်ပို့ချရန် စီစဉ်ထားရှိရန်၊ နည်းပြ Diploma တစ်နှစ်သင်တန်းအား B.Sc Sports သင်တန်းသားများနှင့် တွဲဖက်၍ ဖွင့်လှစ်ရန် စီစဉ်သင့်ပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။