တောင်ကြီး၊ မေ ၁၆
၂၀၂၁ ခုနှစ် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အများအလိုက် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့နယ် ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်အဖြစ် လားရှိုးခရိုင်အသင်းနှင့်မူဆယ်ခရိုင်အသင်း ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်အလိုက် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း/ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေ ၁၆ ရက်မှ ၃၀ ရက်အထိ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။