နေပြည်တော်၊ ဇူလိုင်လ (၂၈)ရက်။ ။
ရန်ကုန်မြို့၊ အောင်ဆန်းကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆) ကုတင်ဆံ့၊ (၂၅) ကုတင်ဆံ့ပြည်သူ့ဆေးရုံးများ၊ ဗိသုကာပြိုင်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကုသရေးဦးစီးဌာန (စီမံ/ဘဏ္ဍာ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အင်ဂျင်နီယာချုပ်(ဗိသုကာ) ဒေါ်အယ်နန်းအိန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဆောက်လုပ်ရေးအကြံပေး ဦးသိန်းဇော်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဗိသုကာကော်မတီဥက္ကဋ္ဌ ဦးဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြေကြားရာတွင် မြန်မာနိုင်ငံ၏ အထင်ကရ အားကစားကွင်းတစ်ခုဖြစ်သော အောင်ဆန်းအားကစားကွင်းအား ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေးတွင် အဆောက်အဦများကြံ့ခိုင်မှု ရှိ/မရှိကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနသို့ အကူအညီတောင်းခံစစ်ဆေးမှုပြုလုပ်ရာ (၇၀) ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိ၍ အသုံးပြုရန်မသင့်တော်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် အောင်ဆန်းအားကစားကွင်းကြီးအား အဆင့်မှီပြန်လည်ပြုလုပ်မွမ်းမံနိုင်ရေး (သို့မဟုတ်) အသစ်ပြန်လည်တည်ဆောက်နိုင်ရေး ကိစ္စရပ်များအား တက်ရောက်လာသောပညာရှင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုက်နယ်ဆေးရုံများ ဖြစ်ကြသော ကုတင်(၁၆)နှင့် ကုတင် (၂၅)ဆေးရုံများသည် အင်မတန်ရိုးရှင်းသောဆေးရုံပုံစံ ဖြစ်နေ၍ ခေတ်စနစ်နှင့်အညီ နေရာဒေသနှင့် ကိုက်ညီမည့် ပုံစံဒီဇိုင်းအသစ်ဖြင့် (International) အဆင့်မှီကုသမှု ဆောင်ရွက်နိုင်ရေးအတွက် ပုံစံသစ်ဒီဇိုင်းရရှိနိုင်ရေးတွင် ပြိုင်ပွဲပြုလုပ်နိုင်ရေး ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ အောင်ဆန်းအားကစားကွင်းသည် မြန်မာ့အားကစားသမိုင်းတစ်လျှောက် အားကစားနည်းပေါင်းစုံ မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးခဲ့ပြီး အာရှအဆင့်ရွှေတံဆိပ်၊ အရှေ့တောင်အာရှအဆင့် ရွှေတံဆိပ်ဆုရှင်များ မွေးထုတ်ပေးခဲ့သော သမိုင်းဝင်ကွင်းကြီးဖြစ်ပါကြောင်း၊ အဆိုပါကွင်းကြီး ခမ်းနားစွာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးကြပါရန် ပြောကြားပါသည်။
ဆက်လက်၍ အားကစားကွင်း/ရုံဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးမှ အောင်ဆန်းအားကစားကွင်း တည်ဆောက်အသုံးပြုခဲ့ပုံနှင့် လက်ရှိစစ်ဆေးတွေ့ရှိချက်အရ ပျက်ဆီးယိုယွင်းမှုများကို ရုပ်ပုံ(Projector)ဖြင့် ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဦးကျော်ဇေယျမှ ကုတင် (၁၆)နှင့် ကုတင်(၂၅)အဆောက်အဦ ဒီဇိုင်းနှင့် မြန်မာတစ်ပြည်လုံးတွင် လက်ရှိသုံးစွဲ နေသည့် ပုံစံဒီဇိုင်းများအား (Power Point)ဖြင့် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆောက်လုပ်ရေးအကြံပေး ဦးသိန်းဇော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆောက်အဦများ တည်ဆောက်မှုနှင့် ပတ်သက်၍ မူဝါဒများကို ရှင်းလင်းပြောကြား ပါသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးနိုင်ငံလင်းမှ အောင်ဆန်း အားကစားကွင်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အားကစားကွင်းအား ပြန်လည်ပြုပြင် မွမ်းမံသည်ဖြစ်စေ၊ အသစ်ပြန်လည် တည်ဆောက်သည် ဖြစ်စေ ထည့်သွင်းစဉ်းစားရာတွင် အောင်ဆန်းအားကစားကွင်းသည် ရန်ကုန်မြို့၏ မြို့လယ်ခေါင်တွင် တည်ရှိခြင်းကြောင့် ရန်ကုန်မြို့၏ ပြယုတ်နှင့်အညီ ခမ်းနားထည်ဝါစေလိုကြောင်း နိုင်ငံတကာအဆင့်မှီ အားကစားကွင်း တစ်ခု ဖြစ်စေလိုကြောင်း၊ နေပြည်တော်၌ အာရှအဆင့်မှီ အားကစားကွင်း /ရုံများ တည်ဆောက်ထားရှိသကဲ့သို့ ရန်ကုန်မြို့၌လည်း အောင်ဆန်းအားကစားကွင်းကြီးအား နိုင်ငံတကာပြိုင်ပွဲများလက်ခံကျင်းပနိုင်သည့် အဆင့် မီစေလိုပါကြောင်း၊ တည်ဆောက်သည့် ကာလသည်လည်း မိမိတို့အစိုးရသက်တမ်းကာလတွင် ဘဏ္ဍာရေးဘတ်ဂျက် ရေးဆွဲရမည့် ကိစ္စရပ်များအား ထည့်သွင်းစဉ်းစားစေလိုပါကြောင်း ပြောကြားပါသည်။
ထိုနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အောင်ဆန်းအားကစားကွင်း ပြုပြင်ပြင်ဆင်ဆောင်ရွက်ရမည့် အပိုင်း (၃)ဖြစ်သော ကွင်းပြင်ပ ဆိုင်းခန်းများ၊ အားကစားကွင်းနှင့် မီတာ (၄၀၀) ပြေးလမ်းကဏ္ဍ၊ အားကစားကွင်းအတွင်းရှိ ပွဲကြည့်စင်များနှင့် မိုးလုံလေလုံအားကစားခန်းမနှင့် အခြားအားကစားနည်းအဆောက်အဦများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတွင်စိတ်ဝင်စားပြီး လာရောက်ဆက်သွယ် စုံစမ်းလျက်ရှိသော ပြည်ပကုမ္ပဏီများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော အဆောက်အဦ ဦးစီးဌာနမှ အင်ဂျီနီယာချုပ် (ဗိသုကာ) ဒေါ်အယ်နန်းအိန်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးဆန်းဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အစည်းအဝေးသို့ တက်ရောက်လာကျသူများမှ အောင်ဆန်းအားကစားကွင်းပြုပြင်တည်ဆောက်ရာတွင် အသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းအားသာချက်/အားနည်းချက်များ၊ အောင်ဆန်းကွင်းပြန်လည်တည်ဆောက်ရေး ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံတော် ဘတ်ဂျက်ဖြင့် လည်းကောင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှု (Project)အစီအမံများဖြင့်လည်းကောင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် သတ်မှတ် ပေးထားသောအချက်အလက်များနှင့် ကိုက်ညီစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံ ပြီး လုပ်ကိုင်နိုင်မှု အခွင့်အရေးရရှိရေး၊ တည်ဆောက်ပြုပြင်ပြီးစီးပါက ပြည်သူများအတွက် မည်သို့အကျိုးပြုမှုရရှိစေရေး၊ ရန်ကုန်မြို့လယ်ခေါင်ဖြစ်သည့်အတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မှီကားပါကင်များ၊ ဈေးဆိုင်များ စနစ်တကျရှိစေရေး၊ ပြည်ပရင်းနှီးမြုပ်နှံမှုအား (BOT)စနစ် (သို့မဟုတ်) (BOOT)စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အသီးသီးဝိုင်းဝန်း ဆွေးနွေးကြ၍လည်းကောင်း ကုတင်(၁၆)နှင့် ကုတင်(၂၅) ဆေးရုံအသစ် တည်ဆောက်ရာတွင် တည်ဆောက်မည့်ဒေသ၊ အခြေအနေ၊ နိုင်ငံတကာစံနှုန်းနှင့် ပြည်သူများအားကုသမှု၊ ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်မည့် အခြေအနေ၊ ထည့်သွင်းစဉ်းစား၍ ပုံစံဒီဇိုင်းများ ရရှိစေရေး ကိစ္စရပ်များကို အသီးသီးဝိုင်းဝန်းဆွေးနွေးကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဘောလုံး အားကစားကွင်း ပြန်လည်တည်ဆောက်ရာတွင် လက်ရှိအခြေအနေနှင့် နောင်အနှစ် (၂၀) သို့မဟုတ် အနှစ် (၃၀)အတွက်ပါ ရည်မှန်း၍ (FIFA)မှ ချမှတ်ထားသော အချက်အလက်များနှင့်အညီ တည်ဆောက်ရန်ကိစ္စရပ်များ၊ ရန်ကုန်မြို့၏ မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မှီအားကစား အဆောက်အဦအဖြစ် ရည်မှန်းတည်ဆောက်ရန်ကိစ္စရပ်များ၊ အားကစားကွင်းပြုပြင် တည်ဆောက်ပြီးစီးပါက ပြည်သူများ မည်သို့အကျိုးကျေးဇူးရရှိစေမည့် ကိစ္စရပ်ကို ထည့်သွင်းစဉ်းစား၍ တည်ဆောက်စေပြီး ပြန်လည်ပြုပြင်မွမ်းမံရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရမည့် ကိစ္စရပ်များကို မည်သို့ဆောင်ရွက်မည်၊ နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောင်ရွက်မည် (သို့မဟုတ်)ပြည်ပ ရင်းနှီးမြုပ်နှံမှု (Project)စနစ်ဖြင့် ဆောင်ရွက်မည်ကို နိုင်ငံတော်အဆင့်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။