နေပြည်တော်၊ ဧပြီလ(၂၆)ရက်။ ။
မြန်မာအားကစားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် အားကစားကွင်း/ အားကစားရုံများ တည်ဆောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အားကစားနှင့် ကာယပညာဦးစီဌာန အစည်းအဝေးခန်းမ၌ video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်အမှာစကား ပြောကြားပါသည်။
အဆိုပါအစည်းဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် (အားကစား) ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
မြန်မာနိုင်ငံတွင် Covid-19ရောဂါ ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို (၂၀၂၀)မတ်လမှစ၍ မကျင်းပနိုင်ခဲ့သည်မှာ (၁)နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ Covid-19 ရောဂါနည်းပါးလာပြီး လူ(၅၀)ထိ စုဝေးခွင့် ရရှိလာသောကြောင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပြိုင်ပွဲများကို အမြန်ဆုံး ပြန်လည်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ဧပြီလ (၂၂)ရက်မှာ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ၅/၂၁ မှာ အားကစားကဏ္ဍနှင့် ပတ်သက်ပြီး အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း၊ အလွယ်အကူဆုံး အားကစားနည်း(၂)ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစ၍ အားကစားပြိုင်ပွဲများမှာ အောင်မြင်မှုများ ပြီးခဲ့သည့်(၁၀)စုနှစ်အတွင်း များစွာကျဆင်းခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ယခုအခါ အားကစားပြိုင်ပွဲ ကျင်းပရန်အတွက် ဘောလုံးအားကစားနည်းကို စတင်ကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို စတင်ကျင်းပမှာ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲဆုကြေးများ ယခင်နှစ်များထက် များစွာပိုမိုချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ (၂၀၂၁) ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမ၊ ဝူရှူး၊ ဖူဆယ်ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ပြိုင်ပွဲများကို ကျင်းပရာတွင် အဖြစ်သဘော လာရောက်ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ အင်ပြည့်၊အားပြည့် အနှစ်သာရပြည့် ကျင်းပနိုင်ရေး ကြိုတင်စီမံထားရှိပြီး အားကစားအဖွဲချုပ်များနှင့် ပူးပေါင်း၍ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ကြိုတင်ဖြန့်ဝေထားခြင်းနှင့် ပြိုင်ပွဲကျင်းပရာတွင် ဘက် လိုက်မှု ကင်းရှင်းစေရေးအတွက် လမ်းညွှန်မှာကြားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေနှင့်လည်း ပြိုင်ပွဲကို အရည်အချင်းရှိရှိ ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြို့နယ်အဆင့် ရပ်ကွက်ပေါင်းစုံ ပြိုင်ပွဲများ၊ ခရိုင်အဆင့် မြို့နယ်ပေါင်းစုံပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ခရိုင်အဆင့်ပြိုင်ပွဲများ အဆင့်ဆင့် ကျင်းပပြုလုပ်ပြီးမှ အရည်အချင်းရှိသော အားကစားသမားများကို စီစစ်ရွေးချယ် လာရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြအုပ်ချုပ်သူများကို ရွေးချယ်ရာတွင် လက်သင့်ရာ နီးစပ်သူများကို မရွေးချယ်ပဲ အားကစားနည်းအလိုက် အမှန်တကယ် တတ်သိကျွမ်းကျင်နားလည် စည်းကမ်းကောင်းမွန်သည့် နည်းပြ အတွေ့အကြုံနှင့် သတ်မှတ်လိုင်စင် ရှိသူများကို တာဝန်ပေး ဆောင်ရွက်စေလိုကြောင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာတွင် အားကစားကွင်း/အားကစားရုံ ဥပဓိရုပ် ကောင်းမွန်ရေးသည် အဓိကကျ၍ မိမိတို့မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားကွင်းများ သန့်ရှင်းသာယာကောင်းမွန်ရေး၊ တိုင်း၊ခရိုင်၊မြို့နယ်ရှိ အားကစားဝန်ထမ်းများ၏ တာဝန်ဖြစ်ပါကြောင်း၊ အားကစားကွင်း/အားကစားရုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ မှာကြားလိုသည်များမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၅/၂၁)မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ''အားကစားပြိုင်ပွဲများ ပြုလုပ်ရာ အားကစားကွင်းများ ကောင်းမွန်ရေးသည် အဓိကကျသဖြင့် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများ ကောင်းမွန်ရေး စီစစ်ဆောင်ရွက်ပေးရန်'' ထည့်သွင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ အားကစားကို ပံ့ပိုးချီးမြှင့် အားပေးလျက်ရှိရာ မိမိတို့ဝန်ထမ်းများမှ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်ပြီး အားကစားတိုးတက်အောင်မြင်မှု ရရှိရန် အထူးကြိုးစားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း အရည်အချင်းပြည့်ဝသော အားကစားသမားများ စီစစ် ရွေးချယ် လေ့ကျင့်ပျိုးထောင်ရန် မှာကြားလိုပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်(၃၃၀)တွင် ဘောလုံးကွင်း(၃၈၇)ကွင်း အားကစားရုံ(၂၃၈)ရုံရှိပြီး ဘောလုံးကွင်းမရှိသော မြို့နယ်(၃၄)မြို့နယ်နှင့် အားကစားရုံမရှိသော မြို့နယ်(၉၉)မြို့သာ ကျန်ရှိတော့ပါကြောင်း၊ ၎င်းအတွက်လည်း (၅)နှစ်တာစီမံကိန်း ရေးဆွဲထားပြီဖြစ်၍ ဘဏ္ဍာရေးနှစ်အလိုက် မူတည်ပြီး ထည့်သွင်း တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အားကစားကွင်း/အားကစားရုံများကို လိုအပ်သည့် မြို့နယ်များတွင် အားကစားကွင်း/အားကစားရုံများအဖြစ် မီတာ(၄၀၀)ပြေးလမ်း၊ ပွဲကြည့်စင်အုတ်တံတိုင်း၊ Inner Fency၊ ရုံးဝန်ထမ်းနေအိမ် ရေရရှိရေးများကို သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လျာထားရန်ပုံငွေဖြင့် တည်ဆောက်ကြရန်နှင့် ပြည်ထောင်စု ဘတ်ဂျက်မှ တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရှိပြီးသား အားကစားကွင်း/အားကစားရုံများကို ပြန်လည်ပြုပြင် မွမ်းမံရာတွင် ပြည်ထောင်စု ဘတ်ဂျက်မှ တတ်နိုင်သလောက် ကျခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ အမြဲမပြတ် တွန်းအားပေး ကြပ်မတ်စစ်ဆေးသွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း မြို့နယ်၊ ခရိုင်များ နွေရာသီ အားကစား သင်တန်းများကို (မြန်မာ့သိုင်း) အပါအဝင် ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပရန် စီမံထားရှိမှု အခြေအနေများ၊ ဦးစီးဌာနမှ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို လာရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲများ၊ လူရွေးချယ်မှုများ ပြုလုပ်ပြီး စခန်းသွင်း လေ့ကျင့်ကာ လာရောက်ယှဉ်ပြိုင်မည့် အခြေအနေများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များအတွင်း အားကစားကွင်း/အားကစားရုံအသစ် တည်ဆောက်ပြီးစီးနေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတက်ရောက်လာကြသော အားကစားကွင်း/ အားကစားရုံညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဒုတိယမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့မှ ဒေသတွင်းပြိုင်ပွဲများ ကျင်းပရာ တွင် အောင်မြင်မှုရရှိစေရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင်ရာ တွင် စည်းကမ်း၊ စံချိန်၊ စံညွှန်း ပြည့်ဝပြီး အရည်အချင်းပြည့်မီစွာ လာရောက်ယှဉ်ပြိုင်နိုင်ရေး ကိစ္စရပ်များ၊ အားကစားကွင်း/ အားကစားရုံအသစ်တည်ဆောက်ရေးနှင့် ပြန်လည်မွမ်းမံရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် လေလွင့်မှု မရှိစေရေး ကိစ္စရပ်များကို အသီးသီးဖြည့်စွက် ပြောကြား ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။