skip to content

 

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၈) ရက်နေ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ စခန်းဝင်လေ့ကျင့်ခြင်း၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအား ပြန်လည်ကျင်းပခွင့်ပြုရေး၊ ဘောလုံးအကယ်ဒမီကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ရှုံးထွက်ဖလားပြိုင်ပွဲ (၂၀၂၀) (MFF Futsal Knockout Cup 2020) ပြန်လည်စတင်ခွင့်ရရှိရေးကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ဘောလုံးအားကစားကဏ္ဍ အပါအဝင်  ယခင်က ပုံမှန်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်တာများ ပြန်လည်စတင်နိုင်ရေးအတွက် စဉ်းစားရာ၌ ရေတိုကာလနှင့် ရေရှည်ကာလ၌ ရရှိနိုင်သည့် အကျိုးနှင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်တို့ကို ချိန်ထိုးစဉ်းစား ဆောင်ရွက်ရပါကြောင်း၊ တစ်ပြိုင်နက်တည်း ပြည်သူ့ကျန်းမာရေး ရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ပြန်လည်စတင်မည့် လုပ်ငန်း၏ သဘောသဘာဝ ရှုထောင့်တို့ အပါအဝင် ရှုထောင့်ပေါင်းစုံအား ဆန်းစစ်လေ့လာခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းများ ပြုလုပ်ပြီးမှ ဆုံးဖြတ်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအားကစားပြိုင်ပွဲများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက အဆင့်လိုက်၊ အပိုင်းလိုက်သာလျှင် ပြန်လည်စတင်ရမည် ဖြစ်ပါကြောင်း၊ ဤ COVID-19 ကပ်ရောဂါသည် ကမ္ဘာ၌ အသစ်ဖြစ်ပေါ်လာသော ရောဂါဖြစ်သည့်အပြင် ထိန်းချုပ် ကိုင်တွယ်ရာတွင် အခြားကူးစက်ကပ်ရောဂါဖြစ်ပွားမှုများနှင့် မတူသည့်အတွက် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် ချက်ချင်း လျှော့ချ၍ မရပါကြောင်း၊ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်းသာ လျှော့ချရမည်ဖြစ်ပါကြောင်း၊ လျှော့ချရာ၌လည်း ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ COVID-19 ကူးစက်ဖြစ်ပွားမှု အရှိန်အဟုန်နည်းလာပြီးမှ ကဏ္ဍမျိုးစုံမှ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရန် စဉ်းစားရ မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘောလုံးအားကစားဆိုင်ရာလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရန်အတွက်လုပ်ငန်းလမ်းညွှန်များ အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ပြီး မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမည့် အချက်များကိုလည်း ရေးဆွဲသတ်မှတ်ပေးမည်ဖြစ်ပါကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ဝန်ကြီးဌာနမှ ပညာရှင်များက ဘောလုံးအားကစားကွင်းများနှင့် လေ့ကျင့်ရေးကွင်းများသို့ ကွင်းဆင်း၍ ဆန်းစစ်သုံးသပ်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ဘောလုံးပြိုင်ပွဲများအပါအဝင် အခြားလုပ်ငန်းများ ပြန်လည်စတင်ခွင့်ပြုပြီးနောက်တွင်လည်း ဝန်ကြီးဌာန၏ ပြောကြားချက်၊ လမ်းညွှန်ချက်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မည်သည့်အတိုင်းအတာအထိ လိုက်နာသည်ကိုလည်း စနစ်တကျ checklist များဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လိုက်နာမှု မရှိပါက ခွင့်ပြုချက်များကို ချက်ချင်းပြန်လည် ရပ်ဆိုင်းမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ စနစ်တကျ သေချာစွာ စဉ်းစားရခြင်းမှာ COVID-19 ၏ ကူးစက်ပြန့်ပွားမှု ပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှု အတိုင်းအတာစသည့် ရောဂါ၏သဘောသဘာဝများသည် ပြောင်းလဲလျက်ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနှင့် ပတ်သက်သည့် လုပ်ငန်းများ ပြန်လည်စတင်ရေး စဉ်းစားရာ၌ လူအများနှင့် မည်သည့်အတိုင်းအတာအထိ ထိတွေ့နိုင်သည်၊ မည်သည့်ပုံစံဖြင့် ထိတွေ့နိုင်သည်၊ ထိတွေ့သည့် အချိန်ကာလ၊ ထိတွေ့ပြီးနောက် ပြုမှုနေထိုင်မှုပုံစံစသည့် အချက်များစွာနှင့် ထပ်မံကူးစက်နိုင်သည့် အန္တရာယ်အတိုင်းအတာများကို ကြိုတင်စဉ်းစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လက်ရှိ၌ COVID-19 ပြည်တွင်းကူးစက်မှု ပိုမိုနည်းပါးလာသည့် အခြေအနေနှင့် ရုတ်တရက်ကူးစက်မှု ပြန်လည်များပြားလာနိုင်သည့် အခြေအနေနှစ်ခုအကြား လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ကာ ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်ပြန့်ပွားမှုများ ရပ်တန့်သွားစေရေးအတွက် အားလုံးမှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာ ရှိချုပ် ဦးစိုးမိုးကျော်မှ ရှင်းလင်းတင်ပြရာတွင် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ရာတွင် ရောဂါကာကွယ်ရေး စည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများ  ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမည့် အစီအစဉ်များကို ရုပ်သံ (video)နှင့်တကွ ရှင်းလင်းတင်ပြ၍ ကလပ်ပြိုင်ပွဲများ စောလျင်စွာ ကျင်းပနိုင်ရေး ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနှင့် အာရှဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲပါဝင် ယှဉ်ပြိုင်ရမည့်အခြေအနေနှင့် အားကစား သမားများ စခန်းသွင်းလေ့ကျင့်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်ရာတွင် ပြိုင်ပွဲများကို တစ်ပြိုင်တည်း ကျင်းပခြင်းထက် မည်သည့်ပြိုင်ပွဲကို ဦးစားပေးစတင်မည်ကို သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် ပြိုင်ပွဲတစ်ခုချင်းကျင်းပမှုအလိုက်စည်းကမ်းချက်များနှင့်အညီ မည်သို့ကျင်းပမည်ကို အသေးစိတ် စီမံချက်တစ်ခုခြင်း ရေးဆွဲရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဘောလုံးအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် Covid-19 စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ခွင့်ပြုချက်ရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးတို့မှ ပြန်လည်ဖြည့်စွက် ရှင်းလင်းပြောကြားပါသည်။

ထို့နောက်အခမ်းအနားတက်ရောက်ကြသူများမှ လိုအပ်ချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဘောလုံးအားကစားကို အခြားနိုင်ငံများတွင် ပြန်လည်ကျင်းပနေသည့်နည်းတူ မိမိတို့နိုင်ငံမှလည်း ပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာဘောလုံးအားကစားပြိုင်ပွဲများကျင်းပနေသည့် စည်းကမ်းများ၊ အချက်အလက်များ၊ ကန့်သတ်ချက်များကိုလေ့လာရမည်ဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းတွင် အာရှဘောလုံးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) စသည်တို့မှ အကြံပြုထားသော ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဘောလုံးအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပရန်အတွက် COVID-19 ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ လေ့ကျင့်ရေး စီမံချက်များရေးဆွဲထားသင့်ပါကြောင်း၊ ပြိုင်ပွဲပြန်လည်ကျင်းပနိုင်ရေး ယနေ့အစည်းအဝေးမှ ရရှိသော အချက်အလက်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အနေနှင့် ပြန်လည်ဆွေးနွေးပြီး မြန်မာနေရှင်နယ်လိဂ်(MNL) ပြိုင်ပွဲများ ပြန်လည်စတင်နိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ယနေ့အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်(အားကစား) ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှူဆောင်အရာရှိချုပ် ဦးစိုးမိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

 


back to top Eng