skip to content

ရန်ကုန်၊ သြဂုတ်လ(၇)ရက်။           

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ Athletes' Committee  အား ဖွဲ့စည်းတာဝန်ပေးအပ်ခံရခြင်းသည် အားကစားသမားများ၏ အသံကို နားထောင်၍ ၄င်းတို့၏ သဘောထားအမြင်များအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီထံ ( NOC -  National Olympic Committee)  သို့ ရောက်ရှိစေရေး ဖော်ဆောင်ပေးရန်ဖြစ်သည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် (၉)နာရီက ရန်ကုန်မြို့ ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊  အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ Athletes' Committee  အား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ရာ အဆိုပါကော်မတီ၏ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းတာဝန်များညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ခဲ့ သည်။

အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ မအားလပ်သည့်အတွက်ကြောင့် ၄င်းတို့၏ ကိုယ်စား ယခုလိုတွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ယခု Myanmar Athletes' Committee   အသင်းကို  ပထမဦးဆုံးဖွဲ့စည်းတဲ့ အသင်း ဖြစ်တဲ့အတွက်ကြောင့် ဒီအသင်း ဆက်လက်ရပ်တည် ရေရှည်တည်တံ့နိုင်ဖို့အတွက် ဝန်ကြီးဌာနနှင့် MOC  တို့ဘက်မှ ဖြည့်ဆည်းပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ (၂၄.၁၁.၂၀၁၈) ရက်နေ့မှ (၂၅.၁၁.၂၀၁၈) ရက်နေ့တွင် ဂျပန်နိုင်ငံမှာ  ကျင်းပ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အားကစားသမားများ  ဖိုရမ်အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၂)ဦး တက်ရောက်စေလွှတ်ခဲ့၍လည်းကောင်း၊ ၂၀၁၉ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဆွဒ်ဇာလန်နိုင်ငံမှ ကျင်းပခဲ့သည့်  International Athletes' ဖိုရမ်ကိုလည်းစေလွှတ်စေခဲ့ပြီး International Athletes' Committee မှ မြန်မာနိုင်ငံ၌ Athletes' Committee   မရှိပါက ဖွဲ့စည်းဖို့ လိုအပ်မှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ အကြောင်းကြားလာ၍ ယခုလို မြန်မာနိုင်ငံ၏ တရားဝင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏  Myanmar Athletes' Committee    အဖြစ်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီ၏ Myanmar Athletes' Committee  သည် အားကစားသမားများ၏အသံကိုနားထောင်၍ အားကစားသမားများနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် လိုအပ်သော အကြံဉာဏ်များ၊ သဘောထားများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ  (NOC) သို့ တင်ပြ အကြံပြုပေးရန်ဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ တင်ပြရမှာဖြစ်ပါသည်။ အားကစားနှင့် သက်ဆိုင်သော ပရောဂျက်များ၊ ပညာပေးလုပ်ငန်းများ၊ တက်ကြွစွာ ဆောင်ရွက်ပေးနိုင်ဖို့နဲ့ အားကစားသမားနှင့်ဆိုင်သော သမာဓိခုံရုံးနှင့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက အားကစားသမားများရဲ့ အခွင့်အရေးကိုကာကွယ် စောင့်ရှောက် ပေးနိုင်ရေး၊ မြန်မာနိုင်ငံ Athletes' Committee    တွင် အဖွဲ့ဝင်အနည်းဆုံး (၅)ဦးမှ အများဆုံး(၂၃)ဦး အထိ ပါဝင်နိုင်ပြီး အဆိုပါပုဂ္ဂိုလ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည့်အပြင် အနည်းဆုံး အသက်(၁၆)နှစ် ပြည့်ပြီးသူများဖြစ်ရန် လိုအပ်ပါကြောင်း၊ အားကစားသမားများကို အဓိက ပါဝင်ဖွဲ့စည်းရာတွင် လွန်ခဲ့သည့် (၈)နှစ်အတွင်း အိုလံပစ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မှု၊ ရွေးချယ်ခံရမှု၊ National Level  အဆင့် ပါဝင်ယှဉ်ပြိုင်မှုရှိရမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် အိုလံပစ် အားကစားပြိုင်ပွဲ (၃)ကြိမ်တွင် အနည်းဆုံး(၁)ကြိမ်ပါဝင်ကစားခဲ့သော အားကစားသမား အနည်းဆုံး (၂)ဦး ထည့်သွင်းဖွဲ့စည်းနိုင်ကြောင်း၊ ကျား/မ တန်တူညီမျှမှုရှိရ မည်ဖြစ်ကြောင်း၊ ကော်မတီ၏ အဖွဲ့ဝင်များသည် ၄င်းတို့၏ အရည်အချင်းများဖြင့် ဝင်ရောက် ရွေးချယ်ခံရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အားကစားသမားများမှ ရွေးချယ်တင်မြှောက် ထားသူများဖြစ်ရမည် ဖြစ်ကြောင်း၊ ကော်မတီ၏ဥက္ကဌသည် ၄င်း၏အရည်အချင်းအရ ဝင်ရောက်ရွေးချယ်ခံရဖို့သာ ဖြစ်ရမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များ၏ သက်တမ်းသည် (၄)နှစ် သက်တမ်းဖြစ်ပြီး ပြန်လည် သက်တမ်း တိုးနိုင်ကြောင်း၊ MOC အနေဖြင့် အမျိုးသား/ အမျိုးသမီး တန်းတူညီမျှဆိုင်ရာ အခွင့်အရေးရှိပါကြောင်း၊ ကော်မတီဝင်များအားရွေးချယ်ရာတွင် အနိမ့်ဆုံးသတ်မှတ်ချက်အဖြစ် ရွေးချယ်ကောက်ခံသည့် ကာလအတွင်း (သို့မဟုတ်) လွန်ခဲ့သော (၈)နှစ်အတွင်း၌ အိုလံပစ် အားကစားနည်းများတွင် ပြည်တွင်း လက်ရွေးစင်အဆင့် (National Level)၌ ပါဝင်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံရသော အားကစားသမား ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ကော်မတီတွင် နောက်ဆုံး ကျင်းပခဲ့သည့် အိုလံပစ်အားကစားပြိုင်ပွဲ (၃) ကြိမ်တွင် အနည်းဆုံး(၁)ကြိမ် ပါဝင်ကစားခဲ့သော ကစားသမား အနည်းဆုံး(၂)ဦး ပါဝင်ရမည်ဖြစ်ပါကြောင်း၊ ဒီကော်မရှင်အနေဖြင့် ဆွေးနွေးနိုင်တဲ့ အချက်တွေအနေနဲ့ကတော့ အားကစားစည်းမျဉ်းများ၊ ဥပဒေများ၊ ပြိုင်ပွဲအစီအမံများ၊ အားကစားသမားများ၏ အထောက်အပံ့များ၊ အားကစားသမားကော်မရှင် ရွေးကောက်ပွဲများ၊ Professional  Language  ပြိုင်ပွဲများ အကြောင်းဆွေးနွေး နိုင်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသွားပါသည်။

ဆက်လက်ပြီး Myanmar Athletes' Committee   ဥက္ကဌ ဦးစိုးသိန်းမှ ကော်မတီ၏ လုပ်ငန်း တာဝန်များအား တင်ပြ၍လည်းကောင်း၊ ယင်းအဖွဲ့၏ အတွင်းရေးမှူး အားကစားနှင့်ကာယပညာ သိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ ကကော်မတီ၏ ရည်ရွယ်ချက် ၊ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ကော်မတီဝင်များ၏ သက်တမ်းကာလအပိုင်း အခြား ဖွဲ့စည်းမှု ၊ အားကစားသမားများ၏ အခွင့်အရေး၊ အားကစားသမားများ၏ တာဝန်အစရှိသည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ အဖွဲ့ဝင် ဦးထွန်းဇော်မှ  World  Programmes  အဖြစ် အုပ်ချုပ်သူ / နည်းပြနှင့် အားကစားသမားများခံစားခွင့်ရရှိနိုင်ရေး၊ အိုလံပစ်၏တန်ဖိုးကို မြှင့်တင်ခြင်း လုပ်ငန်းများ၊ နည်းစနစ်ပိုင်းဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်ခွင့်ရှိရေး ကိစ္စရပ်များကို တင်ပြ၍လည်းကောင်း၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း ကော်မတီ၏ ဒုတိယ ဥက္ကဌ ဦးတင်အောင်၊ အဖွဲ့ဝင် ဦးသန်းတိုးအောင်တို့မှ လည်းကောင်း၊ အသင်းနှင့် သက်ဆိုင်သည့် ပူးပေါင်းလုပ်ဆောင်ရမည့်ကိစ္စရပ်များကို တင်ပြ၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ ဖြည့်စွက်ဆွေးနွေး၍လည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

        


back to top Eng