skip to content

နေပြည်တော်၊ ဩဂုတ်လ(၁၂)ရက်။ 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးနှင့် SOMS Office အဖွဲ့တို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွင် မည်သူတွေတာဝန်ပေးထားသည် သိရှိလိုပါကြောင်းနှင့် မြန်မာအိုလံပစ်ကော်မတီ(MOC)အောက်ရှိ ကော်မတီအရပ်ရပ်တွင် မည်သူတွေကို တာဝန်ခွဲ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ ထို့အပြင် (OS) သင်တန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ ထပ်မံဖွင့်လှစ် ကြိုတင်ထားရှိမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ထောက်ပံ့ထားရှိသောရန်ပုံငွေနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ (IOC)မှ Report များကို Power Point ဖြင့် ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရန်နှင့် SOMS Office အဖွဲ့၌ လုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်မှုနှင့် နောက်ဆုံး SOMS အစည်းအဝေး၌ ဘာတွေ ဆွေးနွေးထားရှိပြီးဆိုတာ သိချင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ မြန်မာအိုလံပစ်ကော်မတီ(MOC)၏ တာဝန်ပေးထားရှိမှုများ၊ SOMS Office ၌ တာဝန်ပေးထားရှိမှုများကို ရှင်းလင်း ပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ SOMS လုပ်ငန်းတာဝန်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်တို့မှ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ထောက်ပံ့ထားရှိသော ရန်ပုံငွေများ၊ (OS)သင်တန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုများ၊ မြန်မာအိုလံပစ် ကော်မတီ(MOC)လက်အောက်ရှိ ကော်မတီအရပ်ရပ်၏ တာဝန်ခွဲဝေထားရှိမှုများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဦးမြသန်းထိုက်(ကျွမ်းကျင်သူ) SOMS တာဝန်ခံမှ SOMS ရဲ့လုပ်ငန်းတာဝန် ခွဲဝေမှု၊ နိုင်ငံတကာနှင့် နောက်ဆုံး ဆွေးနွေးထားရှိမှုများ အခြေအနေကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအောက်ရှိ ကော်မတီအသီးသီးမှ အဖွဲ့ဝင်များအား ကော်မတီနှင့်သက်ဆိုင်သော သင်တန်းများ လေ့ကျင့် သင်ကြားပေးရန် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)အောက်ရှိ ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် နေ့စဉ် မြန်မာအိုလံပစ် ကော်မတီ(MOC) လုပ်ငန်းတာဝန်များ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ(IOC)နှင့် ချိတ်ဆက် ဆောင်ရွက်ပြီးစီးမှုများအား အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီနှင့် SOMS ရုံးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


back to top Eng