skip to content
နေပြည်တော်၊ ဩဂုတ်လ(၁၁)ရက်။
 
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်းစနစ်များအကြောင်း ဟောပြောပို့ချမှုများအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေးညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒိ္ဓအားကစားကွင်း အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ MRTV ၊ MWD ၊ SKY NET ရုပ်သံဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအကြောင်း ဟောပြောပို့ချမှုများကို ရုပ်မြင်သံကြားလိုင်းများမှထုတ်လွှင့်ပြသနိုင်ရေးအတွက်ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဟောပြောသရုပ်ပြပွဲထုတ်လွှင့်ရတဲ့ အဓိကအကြာင်းကလည်း လူငယ်၊ လူရွယ်၊ ကျောင်းသားများအနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်ရှုလေ့လာရင်း ဝါသနာပါရာ အားကစားနည်းတစ်ခုခုကို စတင်လေ့လာလိုက်စားနိုင်စေရန်ရည်ရွယ်ပါကြောင်း၊ ယခုအခါ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်လျော့နည်းပြီး အားကစားအဆင့်တန်းနိမ့်ကျလာခြင်းဟာ လူငယ်များအခြေခံပညာကျောင်းများမှာ ပြိုင်ပွဲလျော့နည်းခြင်း၊ လေ့ကျင့်ချိန်မရှိခြင်း၊ အားကစားအခြေခံနည်းစနစ်များမသိရှိခြင်းများကိုတွေ့ရှိရပါကြောင်း
 
သို့ဖြစ်ပါ၍ အခြေခံအားကစားနည်းများကို ရုပ်သံများမှဟောပြောခြင်း၊ နည်းစနစ်များသရုပ်ပြသခြင်း၊ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများပြုလုပ်ခြင်း၊ စနစ်တကျသင်ကြားပြသခြင်းများကိုပြုလုပ်မှသာ လူငယ်များငယ်စဉ်မှစ၍ အားကစားနည်းအခြေခံကောင်းများသိရှိပြီး ထူးချွန်သောမျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း
အားကစားအဖွဲ့ချုပ်များအနေနဲ့ သရုပ်ပြဟောပြောရာတွင် လူငယ်များနားလည်လွယ် နိုင်သည့် အခြေခံနည်းစနစ်များကိုသာ ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာ အခြေခံ ပညာကျောင်းများ၌ နွေ၊ မိုး၊ ဆောင်း အခြေခံအားကစားသင်တန်းဖွင့်လှစ်သင်ကြားရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း
 
ပထမအဆင့်အနေနဲ့ SEA GAMES မှအောင်မြင်မှုရရှိနိုင်သည့် အားကစားနည်းများကို ပထမဦးစားပေးရွေးချယ်ဆောင်ရွက်စေတာဖြစ်ပါကြောင်း၊ ထိုသို့ ဟောပြောသရုပ်ပြအစီအစဉ် ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ မြန်မာ့လက်ရွေးစင်ကစားသမားများကို ထည့်သွင်းအသုံးပြု စေခြင်းဖြင့် လူငယ်ကျောင်းသား/ကျောင်းသူများလေးစားအားကျအတုယူနိုင်မှာဖြစ်ပါကြောင်း၊
ရုပ်သံဌာနများအနေနှင့် အားကစားနည်းတစ်မျိုးကို ထုတ်လွှင့်ပြသနိုင်သည့် အချိန်ပေါ်မူတည်၍ အဖွဲ့ချုပ်များအနေနှင့် စီစဉ်ဆောင်ရွက်ပြသသင့်ပါကြောင်း အချိန်ကြာမြင့်ပါက အပိုင်း လိုက်ထုတ်လွှင့်ပြသနို်ငရေး ရုပ်သံအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း၊ လာရောက်ရိုက်ကူးရာတွင် ရုပ်သံအဖွဲ့များ၊ အဖွဲ့ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေနှင့် ပံပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေနှင့် ရိုက်ကူးမှု အစီအစဉ်များကို သေချာစွာအချိန်ယူ ပြင်ဆင်ဆောင်ရွက်ပြီးမှ အဆင်သင့်ဖြစ်မှသာ ဦးစီးဌာနသို့ တစ်ပတ်ကြိုတင်အသိပေးစေလိုကြောင်း ထိုမှတဆင့် ဦးစီးဌာနမှ ရုပ်သံဌာနများချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ထို့နောက် ဟောပြောသရုပ်ပြသမည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ၎င်းတို့၏ အားကစားအခြေခံနည်းစနစ်များ ဟောပြောသရုပ်ပြသမည့် အစီစဉ်များကြာမြင့်နိုင်သည့်အချိန်များကို အသီးသီးရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ရုပ်သံဌာနအသီးသီးမှ မိမိတို့ ရုပ်သံဌာနများမှထုတ်လွှင့်ပြသနိုင်သော ရက်များ၊ အချိန်များနှင့်ရိုက်ကူးထုတ်လွှင့်ချင်သော ပုံစံ များကို အသီးသီးညှိနှိုင်းဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ အခြေခံအားကစားနည်းများ ရုပ်သံထုတ်လွှင့်ပြသရာတွင် ပြည်သူများအခြေခံအားကစားနည်းစနစ်များကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး၊ လူငယ်ကျောင်းသားများကြည့်ရှုနိုင်သည့်အချိန်ပြသနိုင်ရေးနှင့် အခြားလိုအပ်သော အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

back to top Eng