မန္တလေး၊ အောက်တိုဘာလ (၂၇)ရက်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီများနှင့် ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများသို့ အားကစားပစ္စည်းများ ပေးအပ် ထောက်ပံ့ခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက် ညနေ ၄ :၃၀ နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၏ အားကစားအဆင့်အတန်းကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အဓိကကျသည့် ခရိုင်နှင့်မြို့နယ်များတွင် အားကစားကွင်းနှင့်အားကစားရုံများကို အသစ် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများစသည့် လိုအပ်သောအားကစားပစ္စည်းများ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို ဘတ်ဂျက် နှစ်အလိုက် ရန်ပုံငွေများခွင့်ပြုပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် အောင်ပွဲရ အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အားကစားပစ္စည်းများ ပေးအပ်ထောက်ပံ့နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ခွင့်ပြုငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၏ အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ပေးနေကြသည့် တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ များနှင့် ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများအတွက် အဓိက လိုအပ်နေသည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းဆိုသည်မှာ “အခုရေတွင်းတူး ခုရေကြည်သောက်’’ ဆိုရိုးစကားကဲ့သို့ အချိန်တိုကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်၍ရနိုင်သော လုပ်ငန်းမျိုးမဟုတ်သည့်အတွက် အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးဆောင်ရွက်ရာတွင် လူသား အရင်းအမြစ်၊ ဓနငွေကြေး၊ နည်းပညာနှင့် အဓိကလိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းတို့ ပေါင်းစပ်ကာ အချိန်ကာလအတိုင်းအတာ တစ်ခုအတွင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၏ အားကစားအောင်မြင်မှုကို ပြန်ကြည့်မည်ဆိုလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒုတိယအဆင့်နေရာ၌ နှစ်စဉ်ရပ်တည်နေတာကို တွေ့ရှိရပြီး ပထမနေရာရရှိရန်အတွက် အင်ပြည့်အားပြည့် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ အသီးသီးမှလည်း သက်ဆိုင်ရာအားကစားနည်းအလိုက် လူရွေးချယ်ရေးစီမံချက်၊ စခန်းသွင်း လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များရေးဆွဲ၍ ဆောင်ရွက်မှသာ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အခါ အောင်မြင်မူများရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တ၀င့် ပြောကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီများ၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများသို့ အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်၍ အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တက်ရောက်လာကြသူများနှင့်အတူ ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများအား လက်တွေ့စမ်းသပ်ကြည့်ရှုခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီများကိုယ်စား ဥက္ကဋ္ဌတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီ ၂၇ခု နှင့် ခရိုင် ၇ခု အတွင်းရှိ ၂၈ မြို့နယ်အတွင်းမှ အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ အားကစားပစ္စည်းများ ထောက်ပံ့ခြင်းအတွက် ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ခရိုင်နှင့်မြို့နယ်များအတွက် ဆိုင်ကယ်များ၊ ဖက်စ်များ၊ မြက်ဖြတ်စက်များနှင့် အားကစားပစ္စည်းများအပြင် အားကစားဆပ်ကော်မတီများအတွက် အားကစားနည်းအလိုက် လိုအပ်သည့် အားကစားပစ္စည်းများကို ပေးအပ်ထောက်ပံ့ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇ ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် အားကစားနည်းများအတွက် (ပေါ်တာကုတ်) အခင်းပြားများ၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း အားကစားနည်းသုံး အခင်းပြားများကို ၀ယ်ယူပေးခဲ့ပြီးဖြစ်သည့်အပြင် တိုင်းဒေသကြီး ပြေးခုန်ပစ် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှ နိုင်ငံတကာအဆင့်မီ ပြေးခုန်ပစ် အထောက်အကူပြု ပစ္စည်းများ ၀ယ်ယူနိုင်ရေးအတွက် ကျပ် ၃၉ ဒသမ ၈၂၇ သန်း ခွင့်ပြုပေးခဲ့ပြီး မန္တလာသီရိအားကစားကွင်းတွင် စနစ်တကျ ထိန်းသိမ်းထားရှိ၍ ၎င်းနှစ်၌ တိုင်းဒေသကြီး သေနတ်ပစ်ဆပ်ကော်မတီအတွက် လိုအပ်သော သေနတ်ရိုင်ဖယ်လ် တစ်လက်၊ ပစ္စတိုတစ်လက်ကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏ ဘတ်ဂျက်ဖြင့် ၀ယ်ယူပေးခဲ့ကြောင်း သတင်းရရှိပါသည်။