skip to content

နေပြည်တော်၊ မေလ(၂၈)ရက်။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်းသည် ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲကို မေလ(၂၇)ရက်နှင့် (၂၈)ရက်နေ့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက် ကြည့်ရှု အားပေးကာ ဆုများချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ညနေပိုင်း ဗိုလ်လုပွဲစဉ်အဖြစ် Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲပြိုင်ပွဲများ၊ Recurve Individual တစ်ဦးချင်း နှင့် Mix Team နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် တက်ရောက်လာကြသူများ ကြည့်ရှုအားပေးကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာ ပြိုင်ပွဲတစ်လျှောက် အတိုးတက်ဆုံးအားကစားသမားဆု ရရှိသော စိုင်းထွန်းအောင်အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသော ထိုက်လင်းဦးအား မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Recurve Individual တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Compound Individual တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ Recurve Mix Team နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ Compound Mix Team နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်းအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

 


back to top Eng