နေပြည်တော်၊ မေလ(၂၇)ရက်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအနက်မှ ဂျူဒိုအားကစားနည်းနှင့် မြားပစ်အားကစားနည်းတို့၏ ပြိုင်ပွဲအကြိုဆန်းစစ်ပြိုင်ပွဲများအား ယနေ့နံနက်(၉)နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ခဲ့ပါသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်လျက်ရှိသော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို ဂျူဒိုဆန်းစစ် ပြိုင်ပွဲကျင်းပနေမှုကို တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ပြိုင်ပွဲတွင် ဂျူဒိုအသင်းလိုက် Mix Team ပြိုင်ပွဲများကျင်းပခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲသို့ ရောက်ရှိလာပြီး ပြိုင်ပွဲတွင် Compound Ranking Roundနှင့် Recurve Ranking Round ပြိုင်ပွဲများကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြားပစ်အားကစားကွင်း ဧည့်ခန်းမသို့ တက်ရောက် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရေးအတွက် လိုအပ်သည် များကို ပြင်ဆင်ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ညနေ(၃)နာရီအချိန်တွင် ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲစဉ်များကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့်အတူ ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
ပြိုင်ပွဲအပြီး ဆုများချီးမြှင့်ရာ ပူးတွဲတတိယရရှိသော Gold Camp(D)အသင်းအား တပ်မတော်ဂျူဒိုဆပ်ကော်မတီဥက္ကဌ ဗိုလ်မှူးကြီးမြတ်မင်းသန်းမှ တစ်ဦးချင်းဆုများနှင့်ငွေသားဆု များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ဂျူဒိုကီဝတ်စုံများကို လည်းကောင်း၊ ပူးတွဲတတိယရရှိသော Gold Camp(B)အသင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းမှ တစ်ဦးချင်းဆုနှင့်ငွေသားဆုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဦးကျော်ကျော်မြင့်မှ ဂျူဒိုကီဝတ်စုံများကိုလည်းကောင်း၊ ဒုတိယ ဆုရရှိသော Gold Camp(C)အသင်းအား ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တစ်ဦးချင်းဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးအေးကြူမှ ဂျူဒိုဝတ်စုံများကိုလည်းကောင်း၊ ပထမဆုရရှိသော Gold Camp(A)အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းမှ ဂျူဒိုကီဝတ်စုံများကိုလည်းကောင်း၊ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရ အမျိုးသားနှင့် အမျိုးသမီးတို့အား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။