skip to content

နေပြည်တော်၊ မတ်လ(၁)ရက်။            

၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ Covid-19 ရောဂါ ကပ်ဆိုးကြီးကြောင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ကျင်းပရန် ရပ်နားရွှေ့ဆိုင်းခဲ့ပြီး ပြည်တွင်း အားကစားပြိုင်ပွဲများလည်း ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခု Covid-19 ရောဂါ လျော့နည်းလာပြီး ရောဂါကာကွယ်မှုနည်းလမ်းများ ပြုလုပ်နိုင်ပြီဖြစ်သောကြောင့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာအားကစား ပြိုင်ပွဲများ Covid-19 စည်းကမ်းနှင့်အညီ ပြန်လည်ကျင်းပမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရေး၊ ပြည်တွင်း အားကစားပြိုင်ပွဲများ Covid-19 စည်းကမ်းနှင့်အညီ ပြန်လည်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများကို Covid-19 စည်းကမ်းနှင့်အညီ ပြန်လည်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ (၂)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၆)ကြိမ်မြောက် Asian Beach Games အား တရုတ်နိုင်ငံ ဟိုင်နန် Sanya ကမ်းခြေ၌ အားကစားနည်း(၁၇) နည်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် Dragon Boat အားကစားနည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၃၂)ကြိမ်မြောက် Tokyo Olympic Games ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ဇူလိုင်လ (၂၃)ရက်မှ ဩဂုတ်လ (၆)ရက်နေ့အထိ အားကစားနည်း (၃၃)မျိုးဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၇)မျိုး ပါဝင် ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သော်လည်း ပြေးခုန်ပစ်နှင့် ကြက်တောင်အားကစားနည်း (၂)မျိုးအား လတ်တလောယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယမ်နမ်နိုင်ငံ၌ နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ (၂)ရက်နေ့အထိ အားကစားနည်း (၄၀)ဖြင့် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၁၈)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိပါကြောင်း၊ (၂)ပတ်အကြာ မသန်စွမ်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုလည်း ဗီယမ်နမ်နိုင်ငံမှ အားကစားနည်း (၁၁)မျိုးလက်ခံကျင်းပပြီး (၉)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိပါကြောင်း၊ တတိယကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ (Asian Youth Games) ကို တရုတ်နိုင်ငံ Shan Tou မြို့၌ နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၈)ရက်နေ့အထိ အားကစားနည်း (၁၈)မျိုး လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း (၉)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတကာ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထားရှိရမည့် အခြေနေများကို ရှင်းလင်းတင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းအားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပရန်နှင့် မြန်မာ့သိုင်းအားကစားနည်းကို နိုင်ငံတော်အားကစားနည်းအဖြစ် လေ့ကျင့်ဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၌ ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီညှိနှိုင်း အစည်းဝေး (၂/၂၀၂၁)၌ လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့သိုင်းပြိုင်ပွဲများအား နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲ ကျင်းပခဲ့ပြီးဖြစ်သောလည်း ယခုအခါ မြန်မာ့သိုင်းပြိုင်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရုံသာမက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင်လည်း မြန်မာ့သိုင်းအားကစားနည်းကို ထည့်သွင်းသင်ကြားလေ့ကျင့်ဆောင်ရွက်ပေးရန် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ လောလောဆယ် ဒေသတွင်း အားကစားပြိုင်ပွဲများကို နိုင်ငံတော်မှ ချမှတ်ထားသည့် Covid-19 စည်းကမ်းနှင့်အညီ ထည့်သွင်းစဉ်းစားပြီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စဉ်းစားချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အနေနှင့် ယခုချက်ချင်း ကျင်းပဆောင်ရွက်ရန်တွင်လည်း မလွယ်ကူသောကြောင့် ဒေသတွင်း Covid-19 အခြေနေ၊ ဒေသတွင်းအခြေနေပေါ် မူတည်ပြီး ဖြစ်နိုင်သော သက်ဆိုင်ရာ အားကစားနည်းများကိုသာ ထည့်သွင်းကျင်းပပေးရန် လိုအပ်ပါကြောင်းနှင့် အထူးသဖြင့် တစ်ဦးချင်းယှဉ်ပြိုင်ရသော အားကစားနည်းများကို ဦးစားပေးကျင်းပစေလိုကြောင်း၊ သို့ဖြစ်ပါ၍ ဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်နိုင်သော အားကစားနည်းများကို ကျင်းပစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်တွင် လူမှုရေးကဏ္ဍနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားစေသည့် ဦးတည်ချက်ပါဝင်သည့်အတွက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဦးစီးဌာနရှိ ဝန်ထမ်းများအားလုံး လုပ်ငန်းတာဝန်ကို ကြိုးစားဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အားကစားလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Sea Games ပြိုင်ပွဲအတွက် ၂၀၂၀ ဒီဇင်ဘာလကတည်းက အားကစားနည်း (၆)မျိုးကို Covid-19 စည်းကမ်းချက်များနှင့်အညီ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ ကြိုတင်လေ့ကျင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆက်လက်၍ ဆောင်ရွက်ရန် လိုအပ်ပြီး အပြောထက် အလုပ်ဖြင့် သက်သေပြ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်၊ ခရိုင်အားကစားပြိုင်ပွဲများ ကျင်းပ၍ ဒေသတွင်းအားကစားဆပ်ကော်မတီများနှင့် စီစဉ်ဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နွေရာသီ အားကစားသင်တန်းများ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးတင်ပြခဲ့ကြသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆွေးနွေးပြောကြားရာတွင် နိုင်ငံတကာပြိုင်ပွဲများဖြစ်ကြသော Olympic ပြိုင်ပွဲနှင့် Sea Games၊ Asia Beach Games၊ Asia Youth Games များအား ညွှန်ကြားချက်အတိုင်း ဦးစီးဌာနရုံးချုပ်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ယှဉ်ပြိုင်လေ့ကျင့်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအား ၂၀၂၁ ဧပြီလ၊ စက်တင်ဘာလအထိ အားကစားနည်း(၂၁)မျိုးကို ပြိုင်ပွဲ(၂၃)မျိုးဖြင့် အကြမ်းဖျင်း လျာထားမှုများမှာ ဧပြီလ၌ မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ အေရိုးဗစ်နှင့် မေလ၌ အလေးမ၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ဝူရှူး၊ စစ်တုရင်၊ ဇွန်လ၌ သေနတ်ပစ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ဇူလိုင်လ၌ တင်းနစ်၊ အမျိုးသား (U-17) ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်(U-18) ပြိုင်ပွဲ၊ အမျိုးသမီး (U-17) ဘောလုံးပြိုင်ပွဲ၊ ဩဂုတ်လ၌ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ (U-21) အမျိုးသားဘောလုံး၊ စက်တင်ဘာလ၌ လက်ဝှေ့၊ ဘော်လီဘော၊ လှေလှော်ပြိုင်ပွဲများ ကျင်းပရန်လျာထားပါကြောင်း၊ အဆိုပါ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧပြီလ၊ မေလတွင် ကျင်းပရန် ပါရှိသော အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်အားကစားအဖွဲ့ချုပ်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ်က သက်ဆိုင်ရာအားကစားနည်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပရန် လျာထားခဲ့သော်လည်း လက်ရှိအခြေအနေအရ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ သေနတ်ပစ်၊ လှေလှော် ပြိုင်ပွဲများသာ ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ကျန်အားကစားနည်းများကို နေပြည်တော်၌ လက်ခံကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် နောက်ပိုင်းအခြေအနေပေးလာပါက မူလလျာထားချက်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးမှ ပြိုင်ပွဲကျင်းပမှု အတည်ပြုချက် ရယူပြီးဖြစ်ပါက သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ပြိုင်ပွဲများလက်ခံကျင်းပရာတွင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် သေသေချာချာညှိနှိုင်းဆောင်ရွက်ပြီးမှသာ တင်ပြစေလိုကြောင်းနှင့် ပြိုင်ပွဲလက်ခံကျင်းပရာ၌ တည်းခိုနေထိုင်နိုင်ရေးတွင် Covid-19 စည်းကမ်းချက်များနှင့် အညီ  စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ ဦးစီးကျင်းပသည့် ပြိုင်ပွဲများ၊ အားကစားအဖွဲ့ချုပ်များမှ ဦးစီးကျင်းပသော အဖွဲ့ချုပ်ဥက္ကဌပြိုင်ပွဲများ၊ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲများကို ယခုကာလတွင် ခေတ္တချန်လှပ်ထားရှိပြီး ဝန်ကြီးဌာန ပြိုင်ပွဲများအဖြစ် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ယခုကာလသည် Sea Games အကြိုကာလဖြစ်သည့်အတွက် ဖိတ်ခေါ်ပြိုင်ပွဲများကျင်းပရန် လိုအပ်ပါကြောင်း အဖွဲ့ချုပ်များမှ တင်ပြထောက်ခံလာပါက ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီ အားကစားသင်တန်းများအား ဦးစီးဌာနမှ ဧပြီလ သင်္ကြန်ပြီးကာလတွင် ဖွင့်လှစ်သွားရန် လျာထားပါကြောင်းနှင့် သင်တန်းများဖွင့်လှစ်ရန်အတွက်အနည်းဆုံး  တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် (၇)မျိုး၊ ခရိုင်တွင် (၅)မျိုး၊ မြို့နယ်များတွင် (၃)မျိုးနှင့် မြန်မာ့သိုင်းအားကစားနည်းကိုပါ ထည့်သွင်းကျင်းပရန် စီစဉ်ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများမှ နိုင်ငံတကာအားကစားပြိုင်ပွဲများ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဒေသတွင်း အားကစားပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး၊ နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကျရာ ဒုတိယဝန်ကြီးမှ ပြန်လည် ဆွေးနွေး၍ အားကစားလုပ်ငန်းများ ရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်ရေး လမ်းညွှန်အတည်ပြုခဲ့ သည်။

ထိုနောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကားပြောကြားရာ၌ အားကစား လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများ စားစရိတ်နှင့် ထောက်ပံ့ကြေး၊ နည်းပြထောက်ပံ့မှုစရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိလာပါက ယခင်နှစ်ထက် ပိုမိုတိုးမြှင့် ချီးမြှင့် ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ အချို့အားကစားနည်းများတွင် မျိုးဆက်သစ်အားကစားသမားများ ရှားပါးလာမှု အခြေအနေများရှိလာပြီဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားမှူးများ သိရှိစေရန်နှင့် အောက်ခြေ၌ ရှာဖွေလေ့ကျင့်ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ Sea Games ပြိုင်ပွဲတွင် ယခုကတည်းက အဖွဲ့ချုပ်များနှင့် ပူးပေါင်းပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေနှင့် အားကစားကို အားပေးဆောင်ရွက်မှုရှိသဖြင့် ဝန်ထမ်းများအနေဖြင့် အထူး ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ Covid-19 ကာကွယ်ရေးလုပ်ငန်းများလည်း မပေါ့ဆစေလိုကြောင်း နှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ စနစ်တကျ စီစဉ်ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 


back to top Eng