skip to content

နေပြည်တော်၊ ဇွန်လ(၃၀)ရက်။                  ။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးများ ကတိ၊ ကဝတ် ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေ တင်ပြခြင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တက်ရောက် အမှာစကား ပြောကြားပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် ကတိ၊ ကဝတ် ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ တင်ပြခြင်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော  အစည်းအဝေးသည် ဇူလိုင်လအတွင်း ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် အဆိုများ ကတိ၊ ကဝတ်များ၊ ကြယ်ပွင့်ပြ ၊မပြ မေးခွန်းများ ပြန်လည်ဖြေကြားရမည်ဖြစ်ပါသဖြင့် အလွန်အရေးကြီးပါကြောင်း မိမိတို့ ဦးစီးဌာနများအနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကတိ၊ ကဝတ်များ အဆိုများနှင့် ရှေ့ဆက် ဆောင်ရွက်ရန် ကျန်ရှိသည့် ကတိ၊ ကဝတ်အဆိုများကို ဇူလိုင်လ (၁၃)ရက်နေ့ မတိုင်မီ ကြိုတင် ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုကြောင့်လိုအပ်သော အခက်အခဲကိစ္စရပ်များကို ကြိုတင်အချိန်မှီတင်ပြ ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးမတိုင်မီ အချိန်မီ ကြိုတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် ကတိ၊ ကဝတ် ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်မှ ပြောကြားရာတွင် မိမိတို့အဖွဲ့အနေဖြင့် လွှတ်တော်ကတိ၊ ကဝတ်များဆိုင်ရာ ဖြေကြားမှု ပိုမိုမြန်ဆန်လွယ်ကူ စေရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် မိမိတို့၏ ဦးစီးဌာနများတွင် ဆောင်ရွက်လျှက်ရှိသော ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များ ဆောင်ရွက်ရန်ကျန်ရှိသော ကိစ္စရပ်များကို သေချာတိကျစွာ တင်ပြဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီ တင်ပြဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း သို့မှသာ လွှတ်တော်ဆိုင်ရာ ကတိ၊ ကဝတ် အဆိုများ ကြယ်ပွင့်ပြ၊ မပြ မေးခွန်းများကို ဖြေကြားရာတွင် အဆင်ပြေ မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင့် လိုအပ်သော ကိစ္စရပ်များ၊ စာရင်းများ၊ ကိန်းဂဏန်းများ တိကျသေချာစွာ တင်ပြဆွေးနွေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ  ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် ကတိ၊ ကဝတ် ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်းအဖွဲ့ဝင် ကိုယ်စားလှယ်ညွှန်ကြားရေးမှူးများမှ မိမိတို့ဌာနနှင့် သက်ဆိုင်ဖြစ်ပေါ်နေသော တည်ဆောက်ရေးကိစ္စများ၊ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စများ၊ ဝန်ထမ်းရေးရာကိစ္စများ၊ မြေယာကိစ္စများ၊ မှတ်ပုံတင်ခြင်းနှင့် အခြားသောကိစ္စများ ကတိ၊ ကဝတ်များ အဆိုများနှင့် ပယ်ဖျက်သင့်သော ကတိ၊ ကဝတ် အဆိုများနှင့် ဆောင်ရွက်ပြီးစီးခဲ့သော ကတိ၊ ကဝတ်အဆိုများနှင့် ရှေ့ဆက်ဆောင်ရွက်ရန် ကျန်ရှိသည့် ကတိ၊ ကဝတ်အဆိုများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေးများတွင် ကတိ၊ ကဝတ် ဖြစ်ပေါ်ခဲ့သည့် မေးခွန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်မှ ပယ်ဖျက်ရန် လိုအပ်သော ကတိ၊ ကဝတ်များကို ဦးစီးဌာနများအနေဖြင့် ရှေးဦးစွာ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ ကိန်းဂဏန်းစာရင်းဇယားများကို တိကျမှန်ကန်မှု ရှိစေရန်နှင့် လက်ရှိအခြေအနေတွင် ကတိ၊ ကဝတ်ဖြစ်ပေါ်နေသောကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ပြီးစီးမှုအခြေအနေများကို အသေးစိတ်ဖော်ပြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


back to top Eng