skip to content

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ သုံးသပ်ညှိနှိုးအစည်းအဝေးသို့ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

  • ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍကြီးတစ်ခုလုံး ဘက်စုံပိုမိုးတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် ယခုအစည်းအဝေးမှ ဆန်းစစ်သုံးသပ်ချက်များ၊ တင်ပြချက်များနှင့် ထွက်ပေါ်လာမည့် အကြံပြုချက်များကို အလေးထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
  • အစည်းအဝေးတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ ပြည်သူများအကြားကိုယ်လက်လှုပ်ရှားအားကစား စိတ်ဓာတ်များ ကိန်းဝပ်စေရေး နှင့် နိုင်ငံသားများ ကျန်းမာသန်စွမ်းစေရေးတို့အတွက် ဦးတည်၍ ရှေ့ဆက်လက်  ဆောင်ရွက်ရမည့် ကိစ္စရပ်များကို လက်တွေ့ရှုထောင့်မှသုံးသပ်၍ တင်ပြစေလိုပါကြောင်း၊
  • ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်တိုင်း၌ လုပ်ငန်းဆောင်ရွက်ရာတွင် အကြောင်းအရာအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိပါက နှောင့်နှေးရသည့် အကြောင်းအရင်းကို သေချာစွာဝေဖန်သုံးသပ်ပြီး ပြုပြင်သင့်သည်ကို ပြုပြင်ကာ ဆက်လက်  အားဖြည့်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊
  • လုပ်ငန်းဆောင်ရွက်ရာတွင် ခေတ်နှင့် ဆီလျော်မှုမရှိတော့ဘဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်သည့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြင်ဆင်၍ဆောင်ရွက်ရမည်ဖြစ်ပြီး ခေတ်နှင့်ဆီလျော် ကိုက်ညီမှုမရှိတော့သည့် နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်နိုင်ရေး အတွက် အဆင့်ဆင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
  • မကြာခင်ကာလက ပြီးစီးခဲ့သည့် Healthy Myanmar Seminar နှင့် National Sports Seminar များအပါအဝင် အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ခဲ့သော အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံဆွေးနွေးပွဲများမှ အကြံပြုတင်ပြချက်များကိုလည်း ဦးစားပေး အဆင့်များသတ်မှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
  • နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့မှုအတွေ့အကြုံများနှင့် ပတ်သက်၍ ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပါက နိုင်ရသည့် အကြောင်းအရင်း၊ ရှုံးနိမ့်ခဲ့ပါကလည်း ရှုံးနိမ့်ခဲ့ရခြင်း၏ အကြောင်းအရင်းနှင့် အားနည်းချက်များအား ဦးတည်အုပ်စုဝိုင်းဖွဲ့ဆွေးနွေးခြင်း (focus group discussion)၊ အဓိကပုဂ္ဂိုလ်များနှင့် မေးမြန်းဆွေးနွေးခြင်း (key informant interview) များ ပြုလုပ်ပြီး အဖြေရှာစေလိုပါကြောင်း၊
  • အားကစားနှင့်ကာပညာသိပ္ပံကျောင်း (၆) ကျောင်းသည် မျိုးဆက်သစ်အားကစားသမားများအား မွေးထုတ်လေ့ကျင့်ရာတွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့်လေ့ကျင့်မှုများဖြင့် ကိုယ်ခန္ဓာအတွက်သာမက စိတ်ပိုင်းဆိုင်ရာ အားကစားစိတ်ဓာတ်ပြည့်ဝစေရေးလေ့ကျင့်မှုများကို တိတိကျကျ မဖြစ်မနေ စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊
  • နည်းပြများနှင့် နည်းစနစ်မှူးများ၏ အရည်အသွေးတိုးတက်မြင့်မားရေးအတွက်လည်း တိကျသော အစီအစဉ်များနှင့် ရည်မှန်းချက်များ သတ်သတ်မှတ်မှတ် ချမှတ်ကာ အမြန်ဆုံး ဆောင်ရွက်စေလိုပါကြောင်း၊ အားကစားနှင့်ကာပညာသိပ္ပံကျောင်းများတွင် သင်ကြားလေ့ကျင့်မှုများနှင့် ပတ်သက်၍ အားကစား၊ ကျန်းမာရေး၊ အာဟာရ စသည့် နယ်ပယ်များမှပညာရှင်များ ပူးပေါင်းကာ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊
  • နိုင်ငံတကာတွင် အားကစားကဏ္ဍနှင့်ပတ်သက်၍ သိပ္ပံနည်းကျလေ့ကျင့်မှု၊ နည်းစနစ်၊ ယှဉ်ပြိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အားကစားသုတေသန‌တွေ့ရှိချက် စသည်တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ နည်းပြများနှင့် အားကစားသမားများထံသို့ ပုံမှန်ဖြန့်ဝေအသိပေးနိုင်ရန် စနစ်တစ်ခုအမြန်ဆုံး အကောင်အထည်ဖော်စေလိုပါကြောင်း၊
  • အားကစားနှင့်ကာယပညာဦးစီးဌာန၏ ရှေ့ဆက်လုပ်ကိုင်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆန်းစစ်မှုများအား အသုံးချသုတေသန (implementation research) ပုံစံဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊
  • ရှေ့လုပ်ငန်းစဉ်များရေးဆွဲချမှတ်ရာတွင်လည်း စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ကျွမ်းကျင်မှုပညာရပ်၊ အချိန်၊ ဘဏ္ဍာငွေနှင့် ထည့်သွင်းရမည့် အရင်းအမြစ်များစသည့်အချက်များအား ဘက်စုံထည့်သွင်းစဉ်းစားကာ အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကိုသာ လုပ်ငန်းမူဘောင်၊ လုပ်ငန်းလမ်းပြမြေပုံများနှင့်တကွ စီမံချက်များ ရေးဆွဲ၍ဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ထိရောက်မှု ရှိ၊ မရှိကို အညွှန်ကိန်း (indicator) များအသုံးပြု၍ ဆန်းစစ်စေလိုပါကြောင်း၊
  • လုပ်ငန်းရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှုနှင့် ပြီးမြောက်မှု အခြေအနေကို ခြုံငုံစောင့်ကြည့်အကဲဖြတ် (monitoring) စနစ်တစ်ခု ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်စေလိုပါကြောင်း၊
  • ပြည်သူများ အားကစားလှုပ်ရှားမှုဖြင့် ကျန်းမာသန်စွမ်းစေရန် အတွက် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (exercise is medicine)" ကို ဦးစားပေးအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်အားဖြည့် ဆောင်ရွက်စေလိုပါကြောင်း၊
  • လူထုကျန်းမာရေးအစီအစဉ်များကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်စေလိုပါကြောင်း၊ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများ ပြုလုပ်ရန် outdoor fitness equipment များ ပိုမိုတပ်ဆင်ပေးနိုင်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်၌ ပိုမိုဝယ်ယူမည်ဖြစ်ပါကြောင်း၊
  • တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာသင်ကျောင်းများသို့ပုံမှန်သွားရောက်၍ အားကစားနည်းအလိုက် သရုပ်ပြပွဲများ ပိုမိုပြုလုပ်ကာ ကျောင်းသား/ သူများတွင် အားကစားကို စိတ်ဝင်စားလာပြီး အားကစားပြုလုပ်လိုသည့် စိတ်ဓာတ်ကောင်းများ မွေးမြူပေးစေလိုပါကြောင်း၊
  • ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အားကစားလောကဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးမှုနှင့် အကြံပြုမှုများကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားတာဝန်ခံ ညွှန်ကြားရေးမှူးများက -တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ထမ်းဖွဲ့စည်းပုံအခြေအနေ၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေး ဘတ်ဂျက်ရရှိမှုအခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်သုံးစွဲမှုအခြေအနေ၊ လာမည့််ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးလျာထားမှုအခြေအနေ၊ တိုင်းဒေကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ရုံများ တည်ရှိမှုအခြေအနေ၊ ပြုပြင်ထိန်းသိမ်းမှု အခြေအနေ၊ အသစ်တည်ဆောက်လျက်ရှိသော အားကစားကွင်း/ရုံများ ပြီးစီးမှုအခြေအနေ၊ အားကစားကွင်း/ရုံများ မြေဂရံရရှိမှုအခြေအနေ၊ မြို့နယ်အသီးသီးရှိ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေးတွင် Outdoor Fitness equipment များ တပ်ဆင်ထားရှိမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်များ ရရှိမှုအခြေအနေ၊ တိုင်း/ခရိုင်/မြို့နယ်များမှ အားကစား ပြိုင်ပွဲများ ကျင်းပပြီးစီးမှုအခြေအနေ၊ အခြေခံပညာကျောင်းများတွင် အားကစားဟောပြောမှု၊ သရုပ်ပြမှု၊ အားကစားပစ္စည်းများ ထောက်ပံ့မှုခြေအနေ၊ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးတွင် အားကစားလှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊‌ ကျေးရွာစာသင် ကျောင်းများတွင် အားကစားကွင်းအသစ် ဖော်ထုတ်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားကွင်း/ရုံများ အသုံးပြုရန် Covid-19 ကာကွယ်ကုသရေး လုပ်ငန်းများကို ဝန်ထမ်းများ ပါဝင်ကူညီခဲ့သည့်အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်များအခြေအနေနှင့် ထူးခြားတင်ပြစရာကိစ္စရပ်များ အခြေအနေတို့ကို အသီးသီးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ညွှန်ကြားရေးမှူးများအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား မှာကြားခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တာဝန်ခံညွှန်ကြားရေးမှူးများက တင်ပြမှုများ၊ ဆွေးနွေးအကြံပြုများအပေါ်ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက် လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် အားကစားကဏ္ဍဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများအား စီမံရေးရာလုပ်ငန်းလိုအပ်ချက်တိုးတက်ရေး လိုက်နာဆောင်ရွက် ရမည့် ကိစ္စရပ်များ၊ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားမှူးများ အပြန်အလှန် အကြံပြုနိုင်ရေးတွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများ မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ ပါဝင်မှုမရှိစေရေး၊ မြန်မာ့အားကစားအောင်နိုင်ရေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရရှိစေရေး လုပ်ငန်းတာဝန်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နည်းပြများပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များ၊ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းစေရေး၊ မိမိဒေသနှင့်ကိုက်ညီသော အားကစားနည်းများ၊ အားကစားကွင်း/ရုံများကို ဦးစားပေးတည်ဆောက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်‌စေရေးအတွက် (Exercise is Medicine) လုပ်ငန်း တိုးချဲ့လုပ်ကိုင်ရေး လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရာတွင် အသက်မှန်ကန်မှုရှိစေရေး၊ ဒေသတွင်းအားကစားသမားများ မှန်မှန်ကန်ကန်အသုံးပြုနိုင်ရေး၊ လိုက်ပါလာမည့် အုပ်ချုပ်နည်းပြများ အားကစားနည်းအလိုက် တတ်ကျွမ်းနားလည်သူများသာ စိစစ်ရွေးချယ်စေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရရှိသည့် နိုင်ငံတော်မှ ဘတ်ဂျက်များကို အဂတိကင်းကင်းနှင့်သေချာစွာ စိစစ်အသုံးပြုနိုင်ရေး စသည်တို့ကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ဌာနခွဲညွှန်ကြားရေးမှူးများ တက်ရောက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန်ကြားရေးမှူးများမှ Video Conferencing ဖြင့် ပါဝင်တင်ပြ ဆွေးနွေးတက်ရောက်ခဲ့ပါသည်။

 

 


back to top Eng