နေပြည်တော်၊ ဇူလိုင်လ(၃၀)ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒိ္ဓအားကစားကွင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး Tan Shufu (Economic & Commercial Counsellor) တို့တက်ရောက် လက်မှတ်ရေးထိုးကြသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး လှူဒါန်းရန်ပစ္စည်းများမှာ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲသုံး တစ်ယောက်လှော်၊ နှစ်ယောက်လှော်၊ လေးယောက်လှော်၊ ရှစ်ယောက်လှော်လှေ၊ လှော်တက်နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်းရန် သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။