နေပြည်တော်/ဧပြီလ(၁၄)ရက်။ ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်ပါလျှက် ဧပြီလ(၁၂)ရက် မနက်(၁၁)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား စားသောက်ဆောင်၌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်းများအား COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် စကားပြောကြားသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ထမ်းဆောင်နေရသူများဖြစ်ကြောင်း၊ COVID-19 ကာလအတွင်း ရပ်နားထားခဲ့ရသော အားကစားပြိုင်ပွဲများ အထူးသဖြင့် အားကစားရုံပြင်ပ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပပေးရန် ညွှန်ကြားချက် ရရှိထားပြီးဖြစ်ရာ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း၊ အလားတူ မြန်မာ့သိုင်းနှင့် ရိုးရုာခြင်းလုံးအားကစားနည်း အပါအဝင် အားကစားအခြေခံ/ အဆင့်မြင့်သင်တန်းများကို ပြန်လည်ဖွင့်လှစ်ပေးရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံများကိုလည်း ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း ဝန်ထမ်းများ စည်းကမ်းလိုက်နာပြီး ကြိုးစား ဆောင်ရွက်ကြသည့်နှင့် အညီ ဝန်ထမ်းသက်သာ ချောင်ချိရေးကိုလည်း တတ်နိုင်သမျှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့သို့ထွက်ခွာပြီး တိုင်းဒေသကြီးအားကစား ရုံနှင့် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ အလေးမလေ့ကျင့်ရေးခန်းနှင့် (၂)ထပ်အားကစားသမား အိပ်ဆောင် တည်ဆောက်မည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားကာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်ရုံးမှ ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက် စကား ပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အားကစားကွင်းတွင် နှစ်ထပ်ပွဲကြည့်စင်၊ ပတ်လည် အုတ်တံတိုင်း တည်ဆောက်ခြင်းနှင့် မီတာ(၄၀၀)ပြေးလမ်း၊ ဘောလုံး ကွင်း ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းမီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် ရေရှည် ခိုင်ခန့်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ဧပြီလ(၁၃)ရက်နေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့သို့ သွားရောက်ရာ လမ်းခရီးတစ်လျှောက်ရှိ ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်တို့ရှိ အားကစားကွင်း/ရုံများနှင့် ၎င်းမြို့နယ်များအတွင်း (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးရေး၊ အားကစားကွင်း လိုအပ်ချက်များနှင့် ကိုက်ညီပြည့်စုံရေး ဆောင်ရွက်ကြရန်၊ အားကစား ကွင်း/ရုံများကို ရေရှည်တည်တံ့ အသုံးပြုနိုင်အောင် ထိန်းသိမ်းထားကြရန်၊ COVID-19 စည်းမျဉ်းများ ပြန်လည်ဖြေလျော့ပြီး အားကစားကွင်း/ရုံများအသုံးပြုခွင့် ပေးနိုင်မည့်အချိန်တွင် စိတ်ပျော်ရွှင်စွာ ကစားနိုင်ကြစေရေး ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် နေ့လည်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင်မြို့နယ်ရုံးမှ ဝန်ထမ်းများကိုတွေ့ဆုံ နှုတ်ဆက်ပြီး ပြည်နယ်အားကစားကွင်းအတွင်း ကျပ်(၈၇၂)သန်း အကုန်အကျခံ၍ Synthetic ရာဘာပြေးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ အားကစားသမားများ မလိုအပ်သောထိခိုက်မှုမရှိစေပဲ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ် အဖွဲ့ချုပ်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ စားပွဲတင်တင်းနစ်ကလပ်၊ မြို့မကာယဗလကလပ်နှင့် ပြည်နယ်ရုံး၊ ပြည်နယ်အားကစားရုံ၊ (၅)ခန်းတွဲ(၂)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက အားကစား ဥယျာဉ်စီမံကိန်းတွင် မွန်ပြည်နယ်နှင့် သင့်တော်မည့် အားကစားနည်းများကို ထည့်သွင်းလျာထား တည်ဆောက်ရန်၊ ရရှိမြေဧရိယာအတွင်း အားကစားကွင်း/ အားကစားရုံနှင့် ဆက်စပ်အဆောက်အဦများ တည်ဆောက်မည့် Master Plan နှင့်မလွတ်ကင်းသည့် အပင်များကိုသာ ရှင်းလင်းရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ သွားရောက်ပြီး ကျောင်းအုပ်ချုပ်မှုရုံးတွင် ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်၍ ကျောင်းဖွင့်ချိန်အမီ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် လေ့ကျင့်ရေးဘောလုံးကွင်း အဆင့်မြှင့်တင် ပြုပြင်မှု အခြေအနေများ၊ 315 KVA ထရန်စဖော်မာ တပ်ဆင်ပြီးစီးမှု၊ ဒုတိယ ကျောင်းအုပ်ကြီးနေအိမ် တည်ဆောက်နေမှုနှင့် အားကစားရုံ(၂)ထပ် လျှာထိုးကြမ်းခင်း ပြုလုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျိုက်မရောမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ (၄)ခန်းတွဲဝန်ထမ်းအိမ်ရာ၊ ဖူဆယ်အားကစားကွင်းနှင့် မြို့နယ်အားကစားမှူးရုံး တည် ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ဧပြီလ(၁၄)ရက် မနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်ပြီး ပြည်နယ်ရုံး၌ ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်စကား ပြောကြားကာ ရုံးအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းအတွင်း (၄) ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် အားကစားလေ့ကျင့်ရေးရုံများကို ကြည့်ရှု စစ်ဆေးပြီး ကြက်တောင် အားကစားရုံ ကြမ်းခင်း ပျက်စီးနေမှုများကို ပြုပြင်ရန်မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်းဘွဲ့မြို့သို့ သွားရောက်ပြီး အားကစားရုံသစ် တည်ဆောက်နေမှု၊ ကွင်းပတ်လည် အုတ်တံတိုင်းကာရံနေမှုနှင့် အားကစားရုံအဟောင်းတို့ကို ကြည့်ရှစစ်ဆေးကာ အားကစားရုံအမိုးကို မိုးမကျမီ အပြီးဆောင်ရွက်ရန်၊ ရေမြောင်းများ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းမီဖြစ်ရန်တို့ကို မှာကြားပြီး အားကစားရုံအဟောင်း ပြုပြင်ရေးကိစ္စများနှင့် တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွွက်ပေးခဲ့သည်။
ဒုတိယဝန်ကြီးသည် လှိုင်းဘွဲ့မြိုမှ ဘားအံမြို့သို့ပြန်လည်ထွက်ခွာပြီး ပြည်နယ် ညွှန်ကြားရေးမှူးနေအိမ်တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးမှာကြားကာ သထုံမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။ သထုံမြို့တွင် ဖူဆယ်အားကွင်းတည်ဆောက်နေမှုနှင့် သထုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် မြို့နယ်အားကစားမှူး နေအိမ် တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။