နေပြည်တော်/ဧပြီလ(၁၂) ရက်။ ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ဧပြီလ (၁၀) ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျှက်ရှိကြသော လှေလှော် အားကစားသမားများကိုတွေ့ဆုံ၍ လှေလှော် အားကစားနည်းသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ် လက်မလွတ်တမ်းရရှိခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ လာမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ယခင်ကကဲ့သို့ အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် စားစရိတ်၊ ထောက်ပံ့စရိတ်များ တိုးမြှင့်ပေးထားသည့်အပြင် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျှက်ရှိကြောင်း အားပေးစကားပြောကြားပြီး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် နည်းပြများ၊ အားကစားသမားများ၏တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ အားကစားသမားများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ပြီး ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် နည်းပြများ၊ အားကစားသမားများကို တွေ့ဆုံအားပေးစကားပြောကြား၍ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သုဝဏ္ဏအားကစားပြိုင်ကွင်းအတွင်း တည်ဆောက်လျှက်ရှိသော အားကစားသမားတည်းခိုဆောင်နှင့် ထမင်းစားဆောင်၊ မီးဖိုတို့ တည်ဆောက်နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို တင်ပြခဲ့ကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားသမားများ တည်းခိုနိုင်ရေးအတွက် အလျား(၁၂၀)ပေ၊ အနံ(၄၄)ပေရှိ (၄)ထပ်အားကစားသမားအိပ်ဆောင်(၂)လုံး၊ ထမင်းစားဆောင်နှင့် မီးဖို ဆောင်တို့ကို တည်ဆောက်နေခြင်းဖြစ်ပြီး၊ ဒုတိယဝန်ကြီးက သတ်မှတ်ကာလအတွင်း လုပ်ငန်းများ စံချိန်စံညွှန်မီပြီးစီးရေး အလေးထားလုပ်ဆောင်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ) အကြီးစားပြုပြင်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)(သုဝဏ္ဏ)ကို ၁၉၈၆ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျပ်(၃၁၀)သန်း အကုန်အကျခံ တည်ဆောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး၊ နှစ်ကာလကြာမြင့်ပြီဖြစ်၍ အကြီးစားပြန်လည်ပြုပြင်ရန် လိုအပ်ချက်များကို နှစ်နိုင်ငံ အားကစား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ ယွမ်ငွေ (၂၂၀)သန်း အကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။
ဒုတိယဝန်ကြီးသည် ဧပြီလ(၁၁)ရက်တွင် စစ်တွေမြို့သို့ သွားရောက်၍ အားကစား နှင့်ကာယပညာသိပ္ပံ(စစ်တွေ) တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ ဒုတိယဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းမီ ပြီးစီးရေးအတွက် ဆောင်ရွက်ကြရန်၊ မိုးရာသီမတိုင်မီအတွင်း ကွန်ကရစ်လမ်းလုပ်ငန်းများကို ပြီးစီးအောင်ဦးစားပေးဆောင်ရွက်ကြရန်၊ လမ်းပခုံးများ ပျက်စီးမှုမဖြစ်စေရေးနှင့် ရေစီး ရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်လျာထား၍ (၃)ထပ်သင်တန်းသား/ သင်တန်းသူ အိပ်ဆောင်(၂)လုံး၊ ထမင်းစားဆောင်၊ အားကစားလေ့ကျင့်ရေးရုံ(၄)လုံး၊ ဘောလုံးအားကစားကွင်း(၂)ကွင်း၊ ကျောင်းအုပ်ချုပ်မှု (၂)ထပ်ရုံး၊ (၂)ထပ်စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ပါဝင်ပြီး ကျပ်သန်း (၃၀၀၀)ခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ ပြီးစီးပါက ရခိုင်ပြည်နယ်အတွင်းမှ အရည်အချင်းကိုက်ညီသူ သင်တန်းသား/ သင်တန်းသူ (၂၅၀)ဦးအထိ ရွေးချယ်လက်ခံ၍ နိုင်ငံတော် အထောက်အပံ့ဖြင့် အားကစားနည်း(၆)မျိုး သင်ကြားလေ့ကျင့် ပေးသွားမည့်အပြင် အခြေခံပညာအထက်တန်း အောင်မြင် သည်အထိ ပညာသင်ကြားပေးပြီး၊ ထူးချွန်သူများကို B.Sc(Sports) ဘာသာရပ်ဖြင့် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်းအတွင်း ဘောလုံးကွင်းအဆင့်မြှင့် ပြင်ဆင်နေမှုနှင့် Synthetic ရာဘာပြေးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် စီမံကိန်းအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပြေးလမ်းကို အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ် စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေးနှင့် ဘောလုံးကွင်းလုပ်ငန်း စနစ်မှန်ကန်စွာ ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စစ်တွေမြို့ရှိ ပြည်နယ်/ခရိုင်/မြို့နယ် အားကစား နှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ အားကစားကွင်း/ရုံများ ထိန်းသိမ်းရေး၊ အားကစားရုံပြင်ပ အားကစားပြိုင်ပွဲများကျင်းပရေး၊ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ နွေရာသီအားကစားသင်တန်းများတွင် မြန်မာ့သိုင်း၊ ခြင်းလုံးနှင့် အခြားအားကစား နည်းများ သင်ကြားလေ့ကျင့်ပေးနိုင်ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ဓညဝတီ အားကစားရုံရှေ့တွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ အစီအစဉ်ဖြင့် လေးဝတီ ကရာတေး ဒိုကလပ်မှ နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်နေမှု အခြေအနေများနှင့် စစ်ကဲဘုန်းတော်ကြီးကျောင်းတွင် ရခိုင်ပြည်နယ်ရှမ်းကြီးသိုင်းနှင့် ဗန်ဒို(ပင်မ)ကလပ်၏ နွေရာသီ သိုင်းသင်တန်း ဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးပြီး လေ့ကျင့်ရေးအထောက်အကူပစ္စည်းများနှင့် အားကစားဝတ်စုံများထောက်ပံ့ ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရခိုင်ယူနိုက်တက်ကလပ်အသင်းကို ငှားရမ်း အသုံးပြုခွင့်ပေးထားသော စစ်တွေမြို့ဝေသာလီအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း စိမ်းလန်းစိုပြေရေး လုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။