skip to content

 

နေပြည်တော်၊ ဧပြီလ(၃)ရက်။              ။

၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ အားကစားအဖွဲ့များအား၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည့် ယနေ့ နံနက် (၈)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော် နွေရာသီအားကစားသင်တန်းများနှင့် အားကစားကွင်းနှင့် အဆောက်အဦးများတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးနှင့် အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများလိုက်ပါကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Fitness Center (GYM) ခန်းမ၌ မြန်မာလက်ရွေးစင်အားကစားအဖွဲ့များဖြစ်ကြသော ဝူရှူး၊ ဗိုဗီနမ်၊ မြားပစ်၊ တိုက်ကွမ်ဒို၊ ဂျူဒို အားကစားနည်းများမှ လက်ရွေးစင်အားကစားသမားများ Physical Training (GYM) လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ မြန်မာ့လက်ရွေးစင်ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ ပိုက်ကျော်ခြင်းအားကစားရုံ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ၏ တစ်ဦးချင်း အရည်ချင်းစစ်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးချမ်းငြိမ်းလွင်နှင့် တာဝန်ရှိသူများမှ ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။  

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒိ္ဓအလေးမအားကစားရုံ၌ လက်ရွေးစင် အလေးမအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ဒက္ခိဏခရိုင်၊ ဇမ္မူသီရိမြို့နယ်ရှိ ဗုဒ္ဓရတနာ ပရဟိတဘုန်းတော်ကြီးကျောင်း၌ ဇမ္မူသီရိမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဗုဒ္ဓရတနာ ပရဟိတအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီမြန်မာ့သိုင်း အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးမှ ဗုဒ္ဓရတနာ ပရဟိတကျောင်းသို့ စားသောက်ဖွယ်ရာများကို လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်မှ လက်ခံရယူပြီး ဗုဒ္ဓရတနာပရဟိတအသင်းသို့ အားကစား အထောက်အကူပြုပစ္စည်းများကို ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ်တို့ ပေးအပ်လှူဒါန်းရာ ဇမ္မူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအသင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များမှ လက်ခံရယူပါသည်။ အဆိုပါ မြန်မာ့သိုင်းအခြေခံသင်တန်းကို သင်တန်းသား/သူ (၁၁၀)ဦးဖြင့် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ဇမ္မူသီရိမြို့နယ် အားကစားကွင်း တည်ဆောက်မှု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးနှင့်  အားကစားမှူးနေအိမ် တည်ဆောက်နေမှု၊ အားကစားကွင်းခြံစည်းရိုးကာရံလုပ်ဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သော မြန်မာပြည့်ဝအောင်ကုမ္ပဏီနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသရာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ဘောဂဝတီ အားကစားကွင်းအသစ် ဖော်ထုတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဘောလုံးကွင်း အသစ် ဖော်ထုတ်တည်ဆောက်ရာတွင် ကနဦးကတည်းက ဘောလုံးကွင်းတည်ဆောက်မှု၏ အောက်ခြေ အခြေခံလုပ်ငန်းများ ရေနှုတ်မြောင်းများကောင်းမွန်မှု၊ ရေထွက်ပေါက်များ ကောင်းမွန်မှုနှင့် မြေသားပြုလုပ်ရာတွင် သဲ၊ နှုန်း၊ ဖွဲတို့ကို အချိုးအစားကျကျ မှန်မှန်ကန်ကန် ဆောင်ရွက် တည်ဆောက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲသော ဘောလုံးကွင်းတစ်ကွင်း ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်းနှင့် စတင်ပြုလုပ်စဉ်ကတည်းက စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုတည်ဆောက်နိုင်ရေးနှင့် ကြီးကြပ်မှုအဖွဲ့အား စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားကြရန် လမ်းညွန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း(YGW)သို့ ရောက်ရှိလာပြီး နွေရာသီမြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း(YGW)အသင်းသို့ စားသောက်စရာများ၊ အားကစား အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။       


back to top Eng