နေပြည်တော်၊ မတ်လ(၃)ရက်။ ။
၂၀၂၁ ခုနှစ် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနည်းပြ သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်းကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်အား တက်ရောက်လာကြသော သင်တန်းသား/သူများမှ တစ်ဦးချင်းနှုတ်ဆက်ဂါရဝပြု၍ မိတ်ဆက် ကြပါသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နည်းပြများ၏ အရည်အသွေးများတိုးတက်လာစေရေး၊ အားကစားစွမ်းဆောင်ရည်အဆင့်များ တိုးတက်လာစေရေး၊ အားကစားသမားများအား နည်းစနစ်မှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးတတ်စေရေးတို့အတွက် နည်းပြများအနေဖြင့် နည်းလမ်းမှန်ကန်စွာ သင်ကြားပြသ ပေးနိုင်ရေး ရည်ရွယ်ပြီး အားကစားနည်းပြ မွမ်းမံသင်တန်းများအား ၂၀၁၈ ခုနှစ်တွင် (၁)ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းကို နေပြည်တော်မှ တက်ရောက်မည့် သင်တန်းသားများအား Multi-Purpose Hall တွင် တိုက်ရိုက်သင်ကြားမည့်စနစ်နှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသားများအား Online စနစ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနည်းပြသင်တန်း (၁/၂၀၂၁)မှာ ယနေ့တိုးတက်ပြောင်းလဲလာတဲ့ နည်းပြခြင်း ဒဿနနှင့် နည်းပြခြင်း နည်းလမ်းများ၊ အားကစားနှင့် သက်ဆိုင်သောဆေးဘက်ဆိုင်ရာများကို သင်ကြားပို့ချမှာဖြစ်တဲ့အတွက် နည်းပြအဖြစ်ဆောင်ရွက်ကြမည့်သူများ အပတ်တကုတ်ကြိုးစားလေ့လာပြီး ထူးချွန်ထက်မြက်သော နည်းပြများဖြစ်လာအောင် ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းလိုပါကြောင်း၊ ယခုလို နည်းပြသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် အချိန်နှင့် တပြေးညီ တိုးတက်ပြောင်းလဲနေတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို အချိန်တိုအတွင်း သိရှိလေ့လာခွင့် ရရှိမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင်လည်း လက်ရှိ ကျင့်သုံးနေတဲ့ပြိုင်ပွဲနှင့် ပတ်သက်တဲ့ Rules & Regulations များကို လွယ်လင့်တကူ သိရှိ နားလည်လာမှာဖြစ်ပါကြောင်း၊ အရည်အချင်းပြည့််ဝပြီး နည်းပြကောင်းများဖြစ်လာပြီး မျိုးဆက်သစ်များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်ပေးလာနိုင်မှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် တက်ရောက်လာကြတဲ့ သင်တန်းသား/သူ များအနေဖြင့် သင်တန်းမှာ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် အထူးကြိုးစားကြဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံဂုဏ်ကို မြင့်တင်ပေးနိုင်တဲ့ နည်းပြကောင်းများ ပေါ်ထွန်းလာနိုင်စေရန် သင်တန်းသားများဘက်မှ အထူးကြိုးစားကြဖို့လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ အဆိုပါသင်တန်းကို နေပြည်တော်ရှိ ဌာနခွဲများမှ နည်းပြ/နည်းစနစ် (၁၆) ဦးနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ နည်းပြ/နည်းစနစ် (၁၅)ဦးတို့မှ (Video Conferencing)စနစ်ဖြင့် စုစုပေါင်း (၃၁)ဦး တို့တက်ရောက်ခဲ့ပြီး သင်တန်းကာလကို (၃.၃.၂၀၂၁)မှ (၁၀.၃.၂၀၂၁)ထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။