နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများကို ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သို့ရောက်ရှိလာပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မအူပင်ခရိုင် မိုးလုံလေလုံအားကစားခန်းမ အမိုးနှင့်အခင်း ဆေးသုတ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ မအူပင်မြို့နယ် ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင် တည်ဆောက်ပြီးစီးနေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ မအူပင် မြို့နယ် အလေးမအားကစားရုံ ကြည့်ရှုစစ်ဆေး၍ ပျက်စီးယိုယွင်းနေမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရန် လမ်းညွှန်မှာကြား၍လည်းကောင်း၊ မအူပင်မြို့နယ် ဘတ်စကတ် ဘောကွင်း၊ စားပွဲတင်တင်းနစ်ရုံ၊ ပိုက်ကျော်ခြင်းအားကစားကွင်းများကို အသီးသီးကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်သို့ရောက်ရှိလာကာ ညောင်တုန်း မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာပြီး ညောင်တုန်းမြို့နယ် မိုးလုံလေလုံအားကစားရုံအား ကြည့်ရှုစစ်ဆေး၍ သဘာဝဘေး အန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသောအုတ်နံရံများအား ပြန်လည်ပြုပြင်ရေးကိစ္စရပ်များ၊ မြို့နယ် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းမြေဖို့ပြုပြင်ရန် လိုအပ်သည့် ကိစ္စရပ်များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်သို့ရောက်ရှိလာကာ ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာပြီး ဓနုဖြူမြို့နယ် ပြည်သူ့အားကစားဘောလုံးကွင်း၊ မြို့နယ်အားကစားခန်းမတို့ကို ကြည့်ရှုစစ်ဆေး၍ အဆောက်အဦး ပြန်လည်ပြုပြင်ရန် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့နယ်သို့ရောက်ရှိလာကာ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ လိုက်ပါလာပြီး ဇလွန်မြို့နယ် ဘောလုံးအားကစားကွင်း၊ မြို့နယ်အားကစားခန်းမတို့အား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်သို့ ရောက်ရှိလာကာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ လိုက်ပါလာပြီး ဟင်္သာတခရိုင်အားကစားကွင်း၊ ဟင်္သာတမြို့နယ် ဘောလုံးအားကစားကွင်း၊ ဟင်္သာတမြို့နယ် အားကစားခန်းမတို့ကို ကြည့်ရှုစစ်ဆေး၍ ပျက်စီးနေမှုများအား ပြန်လည်ပြုပြင်ရန်နှင့် လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်သို့ ရောက်ရှိလာကာ ကျုံပျော်မြို့နယ် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ကွင်းအတွင်း ငါးရိုးရေစစ်မြောင်း ထည့်သွင်းခြင်း၊ ကွင်းပတ်လည် မြောင်းအဖုံးပါ အုတ်ရေမြောင်းပြုလုပ်ခြင်း၊ ကွင်းအတွင်း သဲ/ဖွဲပြာ ခြောက်လက်မထု (၁လက်မ Camber) ကွင်းညှိခြင်း လုပ်ငန်း တည်ဆောက်နေမှု၊ ကျုံပျော်မြို့နယ် အားကစားခန်းမ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကန်ကြီးတောင့်မြို့နယ်သို့ရောက်ရှိလာကာ မြို့နယ်ဘောလုံးအားကစားကွင်း အုတ်တံတိုင်း ကာရံထားရှိပြီးစီးမှု အခြေအနေ နှင့် မိုးလုံ လေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။