နေပြည်တော်၊ မတ်လ (၁၀)ရက်။ ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အားကစားနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multi Purpose စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်သင်တန်းဆင်း အမှာစကား ပြောကြားပါသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝင် ဦးသိန်းထွန်းလတ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်းဦး၊ ဦးကျော်ဦးနှင့် ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားနည်းအလိုက် နည်းပြများ၏ အရည်အချင်း တိုးတက်မြင့်မား လာစေရေးသည် အဓိကဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချသင်တန်းပေးလိုက်သော နည်းစနစ်များအား လက်တွေ့နယ်ပယ် အားကစားလောကတွင် မိမိတို့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အကောင်းဆုံး လက်တွေ့အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ နည်းပြများအနေနှင့် ယနေ့ခေတ်တိုးတက်ပြောင်းလဲလာသော အားကစားနည်းအလိုက် နည်းစနစ်များ၊ ပြိုင်ပွဲစည်းမျဉ်းများ၊ စည်းကမ်းဥပဒေဒေသများကို မျက်ခြေမပြတ် လေ့လာကြည့်ရှု ဆည်းပူး သင်ကြားနေရန်လိုအပ်ပါကြောင်း၊ ထို့သို့ လေ့လာသင်ကြားနိုင်ရေးအတွက် (IT)ခေတ်ဖြစ်သောကြောင့် (Computer)နှင့် English စာများကို ကျွမ်းကျင်စွာ အရင်တတ်မြောက် သင်ယူထားသင့်ပါကြောင်း၊ နည်းပြများအနေနှင့် နည်းပြလုပ်ငန်းများသာမက ရုံးလုပ်ငန်းများကို ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့လိုအပ်ချက် တင်ပြရာတွင် အဆင့်ဆင့် နည်းစနစ်မှန်ကန်စွာ တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အားကစားကဏ္ဍကို အထူးမြှင့်တင် ဆောင်ရွက်ရန်အတွက် ၂၀၂၁ ခုနှစ် မတ်လ(၁)ရက်နေ့၌ ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)၌ လမ်းညွှန်မှာကြားရာတွင် မြန်မာ့သိုင်းနှင့် ရိုးရာဝိုင်းခြင်းအားကစားနည်းအား Sea Games ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပသွားနိုင်ရေးဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံး သက်ရောက်သည့် ရိုးရာအားကစားနည်းများကိုလည်း အားပေးရန်နှင့် အားကစားမှနေလည်း စိတ်ဓာတ်မြင့်မားလာအောင် ပြုလုပ်သွားရန်၊ မြန်မာ့သိုင်းအားကစားနည်းကို တစ်နိုင်ငံလုံး အုံးအုံးကျွတ်ကျွတ် အားပေးသည့် အားကစားနည်းဖြစ်စေရေး ဆောင်ရွက်သွားရန်၊ မြန်မာ့အားကစား အောင်မြင်စေရေး တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် ထို့အပြင် မြန်မာ့သိုင်းအားကစားနည်းကို စာသင်ကျောင်းများ ရပ်ရွာတွင်း လူငယ်များကို အခြေခံသိုင်းသင်တန်း ပေးခြင်းဖြင့် ရိုးရာအမျိုးသား အားကစားနည်းကို မြှင့်တင်သွားရန်၊ Covid-19 ရောဂါကြောင့် ယိုင်နဲ့နေသော ပြည်သူများ၏ ကျန်းမာရေးအား အထောက်အကူပြုဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးအနေအထားဖြင့် ကွင်းပြင်တွင် ကစားသည့် Outdoor Games များ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ထို့သို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြိုင်ပွဲများအမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီများနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် လမ်းညွှန်မှု ပြုခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ခေတ္တညွန်ကြားရေးမှူးချုပ် ဉီးထွန်းမြင့်ဦးမှ သင်တန်းနည်းပြများကို အမှတ်တရ လက်ဆောင်ပေးအပ်၍လည်းကောင်း၊ တက်ရောက်လာသော သင်တန်းသား/ သူများအစား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသည် မတ်လ (၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ သင်တန်းသား/သူ (၁၆)ဦး၊ Online စနစ် Videos Conferencing ဖြင့် (၁၅)ဦး၊ စုစုပေါင်း (၃၁)ဦးတက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစား လေ့ကျင့်ရေးအားကစားရုံများ၌ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားနည်းများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပီတန်းအားကစား လေ့ကျင့်ရေးကွင်းရှိ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ လက်ရွေးစင် အားကစားသမားများ လေ့ကျင့်ရန်အတွက် ပြင်ဆင်ထားသည့် GYM ခန်းမ၊ Fitness Center သို့ လည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားခန်းမရှိ လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ လေ့ကျင့်လျက်ရှိသော လက်ရွေးစင်ဂျူဒိုအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများလေ့ကျင့်ရာတွင် လိုအပ်လျက်ရှိသည့် လေ့ကျင့်ရေး အထောက်အကူပစ္စည်း ပံ့ပိုးပေးနိုင်ရေးကိစ္စ၊ နိုင်ငံခြားနည်းပြ ငှားရမ်း လေ့ကျင့်နိုင်ရေးကိစ္စ၊ အားကစားသမားများလေ့ကျင့်ရာတွင် သက်တောင့်သက်သာဖြစ်စေနိုင်ရေး၊ အားစားကွင်း/ရုံများ ပြုပြင်မွမ်းမံနိုင်ရေး၊ အခြားလိုအပ်သော ထောက်ပံ့ပေးနိုင်မှု ကိစ္စရပ်များ၊ လေ့ကျင့်ရာတွင် လက်ရွေးစင်အားကစားသမားများ စုံစုံလင်လင် ရောက်ရှိနိုင်ရေးကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။