နေပြည်တော် ဇွန်(၁၇)ရက်။
၂၀၂၀-၂၁ ပညာသင်နှစ် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်၍ အစည်းအဝေးအား ကြီးမှူးကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် အားကစားနှင့် ကာယ(သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအောက်ရှိ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများသည် ပညာရေးနှင့် တွဲဖက်၍ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် ကုသရေးဦးစီးဌာနမှ လိုအပ်သော ညွှန်ကြားချက်များ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်များ အသီးသီး ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာကျောင်းများနှင့် မတူသည်မှာ အားကစားလုပ်ငန်းများ တွဲဖက်လေ့ကျင့်၍ ပညာသင်ကြားဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစား၊ လေ့ကျင့်သင်ကြားခွင့်ကို ခွင့်ပြုမှုရရှိနိုင်ရေး အမြန်ဆုံး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှေးဦးစွာ ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားမှုသည် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် သင်တန်းသူ/သင်တန်းသားများအား ကြိုတင်ခေါ်ယူပြီး ရောဂါကင်းရှင်းမှု ရှိ/မရှိ ကြိုတင်စစ်ဆေးမှု ခံယူပြီး ရောဂါကင်းရှင်းမှုရှိမှ ပညာသင်ကြားနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကယ်၍ ရောဂါပိုး ပါရှိသူတွေ့ရှိပါက သီးသန့်ခွဲထား၍ ကုသဆောင်ရွက်ရန် လိုအပ်သလိုပြုလုပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ရာတွင်လည်း ကျောင်းသားမိဘများမှ ကျောင်းသားများ ပြန်လည်တက်နိုင်ခြင်း၊ ခွင့်ပြုခြင်း ရှိ/မရှိ ပြန်လည်မေးမြန်းနိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ကျောင်းအစီအစဉ်ဖြင့် လျော့ချရန် လိုအပ်သော ကျောင်းသားစာရင်း၊ ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိသော ကျောင်းသားစာရင်း စသည်တို့ကို သေချာစီစစ် စာရင်းပြုစုပြီး လက်ရှိအမှန်တကယ် သင်တန်း ဆက်လက်တက်ရောက်မည့် အင်အား စုစည်း၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင်လည်း ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံရမည့် နည်းပြများ၊ ကျွေးမွေး ချက်ပြုတ်ရမည့် စားရိပ်သာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ ပညာရေးဆရာ/ ဆရာမများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးအခြေအနေများကိုပါ မျက်ခြေမပြတ် စောင့်ကြည့် စစ်ဆေးရန် လိုအပ်ပါကြောင်း၊ (သိပ္ပံ)ကျောင်းများအနေဖြင့် Covid-19 ကာကွယ်ရေးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြရာတွင် အားရကျေနပ်မှုရှိပါကြောင်း၊ တတ်နိုင်ပါက (Wash-Basin) အား ခြေနင်းဖြင့် ပြုလုပ်သောစနစ်ကို ပိုမိုသဘောကျ၍ အားလုံးတစ်ညီတည်း အသုံးပြုရန်လိုအပ်ပါကြောင်း၊ ယခုနှစ် ပညာသင်နှစ်တွင် အားကစားနည်းအလိုက် ကျောင်းများပြောင်းရွှေ့ဖွင့်လှစ်စီမံဆောင်ရွက်ထားပါသော်လည်း Covid-19 အချိန်အခါနှင့် တိုက်ဆိုင်နေပါသဖြင့် စီမံဆောင်ရွက်မှုအား ပြန်လည်ထပ်မံညွှန်ကြားသွားမည်ဖြစ်ပါကြောင်း၊ (သိပ္ပံ)ကျောင်းများတွင် လိုအပ်သောဝန်ထမ်းအင်အား လုံလောက်မှုရှိ/မရှိ ပြန်လည်စိစစ်တင်ပြရန် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် လိုအပ်သည့်လေ့ကျင့်ရေးအဆောက်အဦများ၊ ပြုပြင်ရန်လိုအပ်သည့် အဆောက်အဦများ၊ အားကစားလေ့ကျင့်ရာတွင် လိုအပ်သည့်အသုံး အဆောင်ပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ အချိန်မှီ တင်ပြရန်လိုအပ်ပါကြောင်း၊ အဓိကကျန်းမာရေးပင်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ Covid-19 နှင့်ပတ်သတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များကို ထပ်မံပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Covid-19 ကာကွယ်ရေးတွင် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ရောဂါမဖြစ်ပွားရေနှင့် ကူးစက်မှု မရှိစေရေးတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိဝန်ထမ်းများ တာဝန်သာဖြစ်ပါကြောင်း၊ အားကစားလေ့ကျင့်ရာတွင် ပထမဆုံး တစ်ဦးချင်း သီးခြား လေ့ကျင့်သော လေ့ကျင့်ခန်းများကို လေ့ကျင့်စေချင်ပါကြောင်း၊ ပြင်းပြင်းထန်ထန် ပြုလုပ်ရသော လေ့ကျင့်ခန်းများတွင် Mask များချွတ်၍ လေ့ကျင့်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ရှင်းလင်းတင်ပြရာတွင် (သိပ္ပံ)ကျောင်းများတွင် ကျောင်းသားများ ပြန်လည်ရောက်ရှိချိန် အားကစားနည်း (၁၄)နည်းတွင် သင်ကြားနိုင်ရေး ရွှေ့ပြောင်းပြင်ဆင်ချိန်၊ ဆက်လက်လေ့ကျင့်ချိန်ကို မူတည်၍ စီမံချက်ရေးဆွဲတင်ပြရန် စီမံဆောင်ရွက်ထားရှိပါကြောင်း ဒုတိယဝန်ကြီးအား မူကြမ်းတင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း စာသင်ခန်းများတွင် ကိုယ်အပူချိန်တိုင်းကိရိယာ ထားရှိနိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာကျောင်းများ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ ဆောင်ရွက်နိုင်ရန် ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများနှင့် ကြိုတင်ညှိနှိုင်းရန်လိုအပ်ပါကြောင်း၊ (သိပ္ပံ)ကျောင်းအုပ်ကြီးများအနေနှင့် အားကစားနည်း(၁၄)နည်း ပြောင်းရွှေ့ သင်ကြားနိုင်ရေးတွင် ဒေသခံအာဏာပိုင်အဖွဲ့အစည်းများအား တင်ပြ၍ နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန်လိုအပ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများ ကျောင်းအုပ်ကြီးများမှ ၂၀၂၀-၂၁ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသားအင်အား တက်ရောက်မည့် အခြေအနေ၊ အားကစားနည်းအလိုက် လိုအပ်သောနည်းပြများ ဖြည့်ဆည်းပေးနိုင်ရန်၊ လိုအပ်သော ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်းများ၌ ညွှန်ကြားချက်အတိုင်း စာသင်ခန်းတစ်ခန်းတွင် (၂၀)ဦး တစ်ဦးလျှင် (၆)ပေအကွာ ထားရှိမှုအခြေအနေ၊ ကျောင်းသားများ အိပ်ဆောင်တွင် တစ်ဦးလျှင် (၆)ပေ အကွာဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စားရိပ်သာများတွင် တစ်ဦးလျှင် (၆)ပေအကွာ စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စာသင်ခန်း၊ အိပ်ဆောင်၊ စားရိပ်သာတို့တွင် Wash-Basin များ စနစ်တကျအသုံးပြုနိုင်ရေး ထားရှိမှုအခြေအနေ၊ ကျောင်းသားများ ပြန်လည်ရောက်ရှိပြီး စာသင်ခန်း၊ အိပ်ဆောင်၊ စားရိပ်သာ၊ လေ့ကျင့်ရေးအဆောက်အဦများ၌ ပိုးသတ်ဆေးဖြန်းရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းသားများ ရောက်ရှိလာချိန်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ စာသင်ကြားမည့် ကျောင်းသားများအား Quarantine (၂.၇.၂၀၂၀) မှ (၆.၇.၂၀၂၀) ထိ Quarantine (၅)ရက် ထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ Quarantine ဝင်ရောက်နေသော ကျောင်းသား များအား စားသောက်နေထိုင်ရေးကို ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်စီမံထားရှိမှုအခြေအနေ၊ ၂၀၂၀-၂၁ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ၏ Covid-19 ကာကွယ်ရေးတွင် လိုအပ်သော ကျန်းမာရေးအထောက်အကူပစ္စည်းများ လိုအပ်မှုအခြေအနေ၊ အားကစားနည်းအလိုက် အထောက်အကူပြုပစ္စည်း လိုအပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ယခု ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အားကစားနည်း(၁၁)နည်း လျှော့ချရန်အစီအစဉ်အား ကျောင်းသားမိဘများ အကြောင်းကြား တင်ပြနိုင်ရေး၊ သက်ဆိုင်ရာဒေသ အာဏာပိုင် လူမှုရေးဝန်ကြီးများအား ကျောင်းအုပ်ကြီးများမှ ကြိုတင်တင်ပြနိုင်ရေး၊ ကျောင်းသားမိဘများမှ မိမိတို့သားသမီးများ ဆက်လက်ပညာ သင်ကြားနိုင်ခြင်း ရှိ/မရှိကို စနစ်တကျပြုစုတင်ပြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် လျှော့ချမည့် အားကစားနည်း(၁၁)နည်း၏ အားကစားအဖွဲ့ချုပ်မှ ပြန်လည်တင်ပြလာမည့် အခြေအနေကို သိရှိရန်လိုအပ်ပါကြောင်း၊ လောလောဆယ် ဘောလုံး(ကျား)အားကစားနည်းအား အဖွဲ့ချုပ် ဥက္ကဌမှ ပြန်လည်ထည့်သွင်းပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါကြောင်း၊ ရန်ကုန်-မန္တလေး(သိပ္ပံ)ကျောင်းများ၏ (Bsc Sports) ကျောင်းသားများအဆောင်အား လျာထားပြင်ဆင် ထားရှိမှုကို တွေ့ရှိရ၍ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ (Bsc Sports) ကျောင်းသားများ ပြန်လည်ရောက်ရှိလာရန် အခက်အခဲရှိပါကြောင်း၊ ၎င်းအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးမှ နိဂုံးချုပ်ပြောကြားရာတွင် (သိပ္ပံ)ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ပညာရေး၊ သင်ကြားရေးနှင့် အားကစားလေ့ကျင့်သင်ကြားခွင့်ကို အမြန်ဆုံးရရှိရန် တင်ပြမည် ဖြစ်ပါကြောင်း၊ (သိပ္ပံ)ကျောင်းများ ပညာသင်ကြားရေးကို သင်ရိုးညွှန်းတန်းရေးဆွဲနေပြီဖြစ်၍ ပြီးစီးပါက ကျောင်းများအလိုက် တစ်ပြိုင်တည်း တစ်ပုံစံတည်း သင်ကြားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ လက်ရှိနည်းပြများ၏ အရည်အချင်းများ မြှင့်တင်ရန် သင်တန်းများဖွင့်လှစ်စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြ ငှားရမ်းအသုံးပြုမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ ပြန်လည်တက်ရောက် နိုင်ခြင်း ရှိ/မရှိ ကို တိုင်း/ခရိုင်/မြို့နယ်တာဝန်ခံ အား/ကာဦးစီးမှူးများမှ သေချာမေးမြန်းစီစစ်ရန် လိုအပ်ပါကြောင်း၊ လျှော့ချသော အားကစားနည်းများမှ ပြန်လည်ထည့်သွင်း လေ့ကျင့်သင်ကြားပေးလိုပါက အဖွဲ့ချုပ်ဥက္ကဌများမှ ပြည်ထောင်စုဝန်ကြီးထံ အကြောင်းကြား တင်ပြစေလိုပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။