skip to content

နေပြည်တော်၊ မေလ(၂၄)ရက်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မေလ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့တို့တွင် မြန်မာ့လက်ရွေးစင်သေနတ်ပစ် အားကစားသမားများလေ့ကျင့်နေမှုနှင့် ရန်ကုန်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် များ၊ အားကစားကွင်း၊ အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေလ (၂၂)ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းအားကစားသမားများ အိပ်ဆောင် (၄)ထပ်၊ စားရိပ်သာနှင့် မီးဖိုဆောင်များ ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်းသို့ ရောက်ရှိလာပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင်သေနတ်ပစ် အားကစားသမားများ၏ (၁၀)မီတာရိုင်ဖယ် ပစ်ခတ်စဉ်၊ (၅၀)မီတာစိတ်ကြိုက် ပစ္စတိုပစ်ခတ်စဉ်၊ (၂၅)မီတာ ပစ္စတိုအမြန်ပစ် ပစ်ခတ်စဉ်များ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ပါသည်။ ထို့နောက် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးဝင်းမှ လေ့ကျင့်ရေး အားကစားအထောက်အကူပြု ပစ္စည်းများဝယ်ယူနိုင်ရေး တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးမှ တင်ပြချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိလာပြီး လားရှိုးကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းအတွင်း အလျား (၃၇၀)ပေ၊ အနံ (၂၄၅)ပေရှိ ဘောလုံးအားကစားကွင်း ဖော်ထုတ်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ လားရှိုး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွင်း အလျား (၁၅၀)ပေ၊ အနံ (၁၁၀)ပေ ဘတ်စကတ်ဘောကွင်း ဆောက်လုပ်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ လားရှိုးမြို့မ အားကစားကွင်း Inner Fencing  ကာရံခြင်းနှင့် ပေ(၅၀ x ၃၀) အားကစားမှူးရုံးနှင့် နေအိမ်တည်ဆောက်နေမှုလုပ်ငန်း၊ ရေဂါလံ (၃၀၀၀၀)ဆံ့ Ground Tank,Over head tank လုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း၊ လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်းအတွင်း လူဦးရေ (၁၀၀၀၀)ဆံ့ ဘောလုံးပွဲကြည့်စင် ဆောက်လုပ်မည့်မြေနေရာအားလည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လားရှိုးမြို့ အမှတ် (၉)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လားရှိုးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ အားကစား ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးအပ်ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် သိန္နီမြို့နယ် ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိလာကာ အားကစားကွင်းအုတ်တံတိုင်း (၄၀၀)ပေ ကာရံခြင်းလုပ်ငန်းနှင့် မြို့နယ်အားကစားမှူးရုံး/နေအိမ် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ကွမ်းလုံမြို့နယ် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟိုပန်မြို့နယ်သို့ ရောက်ရှိလာပြီး 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဌ ဦးညီနပ့်နှင့် ကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံပြီး အားကစား ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီးနောက် ဒုတိယဝန်ကြီးမှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဥက္ကဌနှင့် အဖွဲ့များမှ လက်ခံရယူပါသည်။

ထို့နောက် ဟိုပန်မြို့နယ် အားကစားကွင်းနှင့် အားကစားရုံများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် လောက်ကိုင်မြို့သို့ ရောက်ရှိလာပြီး လောက်ကိုင်မြို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး၌ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ကာ အားကစားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးပြီးနောက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် လောက်ကိုင်မြို့နယ်တွင် အားကစားကွင်း ဖော်ထုတ်နေမှု အခြေအနေ၊ ဘောလုံးကွင်း မြက်ကပ်နေခြင်း လုပ်ငန်းများ၊ မီတာ (၄၀၀)ပြေးလမ်းဖော်ဆောင်နေခြင်းလုပ်ငန်းများ၊ ဘောလုံးပွဲကြည့်စင် တည်ဆောက်နေခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လောက်ကိုင်မြို့အားကစားရုံကို ကြည့်ရှုစစ်ဆေးကာ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


back to top Eng