skip to content

နေပြည်တော်၊ ဧပြီလ(၂၂)ရက်။             ။

ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဂျူဒိုအားကစားနည်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဂျူဒိုအားကစားနည်း ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေးနှင့် ဂျူဒိုအားကစားနည်း ရေရှည် တိုးတက်ပြန့်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့်တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့်အတွက် မိမိတို့ အဖွဲ့ချုပ်သည် နိုင်ငံတော်အတွက် ဆုတံဆိပ်ရရှိပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန် အခွင့်ရေးတစ်ခု ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ပြိုင်ပွဲတွင်လည်း မိမိတို့အဖွဲ့ချုပ် အနေနှင့် တတ်အားသရွေ့ ကြိုးစားပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း၊ လေ့ကျင့်ရေး ကာလတွင် ယခုကဲ့သို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ယူပြီး ကြီးကြပ်၍ လေ့ကျင့်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အဖွဲ့ချုပ်ဘက်မှလည်း အတတ်နိုင်ဆုံး အားကစားသမားများကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း အစစအရာရာ ပံ့ပိုးထားသည်ကို တွေ့ရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ ပြိုင်ပွဲတွင် မိမိတို့ အဖွဲ့ချုပ်မှ အုပ်ချုပ်နည်းပြများအား စနစ်တကျ ရွေးချယ်စီစစ် ဆောင်ရွက်ထားရှိပြီး ပြိုင်ပွဲကာလ လူရွေးချယ်ရာတွင်လည်း အရည်အချင်း ပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် အားကစားသမားများကို စနစ်တကျ ဘက်လိုက်မှုမရှိဘဲ ရွေးချယ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အဖွဲ့ချုပ်အနေနှင့် အထူးကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း တတ်နိုင်သ၍ ပံ့ပိုးဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲမတိုင်မီ မိမိတို့အားကစားသမားများအား တရုတ်နိုင်ငံသို့ စေလွှတ်ရန်၊ ပူးတွဲလေ့ကျင့်ရန် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဂျူဒိုအားကစားနည်း မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်စေရေးအတွက် အခြေခံပညာကျောင်းများရှိ ဂျူဒို အားကစားနည်းသင်တန်းများ ဖွင့်လှစ်၍ ပြန့်ပွား ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတော်မှ ပံ့ပိုးထားရှိမှုအခြေအနေများ၊ အားကစားသမားများလေ့ကျင့်ရာတွင် အထူးကြပ်မတ်လေ့ ကျင့်မှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ပူးတွဲသွားရောက်လေ့ကျင့်စေမည့် အစီအစဉ်များ၊ အဖွဲ့ချုပ်ဘက်မှ ပူးပေါင်းပံ့ပိုး ဆောင်ရွက်စေလိုသည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


back to top Eng