skip to content

ရန်ကုန်၊ ဇွန်လ (၂၇)ရက်။          

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဦးစီးဌာနအောက်ရှိ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းမှ သူနာပြုတက္ကသိုလ် ရန်ကုန်(တိုးချဲ့) (၄)ထပ်ဆောင် စာသင်ဆောင် ပြိုကျမှုနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များနှင့် အမြန်ဆုံးဆက်လက်ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြု တက္ကသိုလ် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်တင်တင်လေး ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ဥက္ကဌ ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများ ၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်း ထားသော  စစ်ဆေးရေးအဖွဲ့ဥက္ကဌ အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဦးဝင်းတင့်နှင့် စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါ်တင်တင်ကျော်နှင့် တာဝန်ရှိသူများ ၊ ဥပဒေ အကြံပေးများနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေ့နေချုပ်ရုံးမှ တာဝန်ရှိ သူများတက်ရောက်ကြသည်။

          ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကအဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) တိုးချဲ့ ဝင်း၌ (၄)ထပ် စာသင်ကျောင်းဆောင် အပေါ်ဆုံးထပ် မျက်နှာစာမှ  Roof  Beam  အမိုး၊  Parapet ပြိုကျခြင်း ၊ ပေါ်တီကို ပျက်စီးမှုများနှင့်ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရေးအဖွဲ့များ အနေဖြင့် လိုအပ်သလို စစ်ဆေး၍ တွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို   ပြည်ထောင်စုဝန်ကြီးမှ အမြန်ဆုံးအကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ မေလ(၁၇)ရက်နေ့တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ တင်ပြချက်များကို သိရှိပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြံပြု တင်ပြချက်များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ  အကြံပြုတင်ပြချက်များ ၊ ဥပဒေပညာရှင်များ၏ အကြံပြုချက်များကို ရယူ၍ ယနေ့အစည်းအဝေးမှ ဆုံးဖြတ်ချက် တစ်ခုကို ဆောင်ရွက်နိုင်အောင်ခေါ်ယူဆွေးနွေးခြင်းဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူ များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုပါကြောင်းပြောကြားသွားပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ဥက္ကဌ ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး မှ စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်မြင့်မှ Structure  ဒီဇိုင်းမှားယွင်းနေခြင်း၊ ဆောက်လုပ်ချိန်တွင် ကြီးကြပ်မှု အားနည်းခြင်း၊ အကြံပြုလိုတာကတော့ အဆောက်အအုံကို အမြန်ဆုံးပြန်လည်ပြုပြင်ဖို့ လိုအပ်ပါကြောင်းဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော  စစ်ဆေးရေးအဖွဲ့ဥက္ကဌ  အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဦးဝင်းတင့်မှ စစ်ဆေးတွေ့ရှိချက်အရ အကြံပြုရမည်ဆိုရင်  အချို့ အစိတ်အပိုင်းများတွင် သံထည်၊ Steel Structureဖြင့် အစားထိုးဆောင်ရွက်ပြီး အဆောက်အအုံအား (၄)ထပ်မူလအတိုင်း ပြုပြင်ဆောင်ရွက်သင့်ပါကြောင်း၊ Soil Test Result  အရ အဆောက်အဦး အုတ်မြစ် ခံနိုင်ရည်ရှိပါကြောင်း၊ မူလပကတိအခြေအနေအတိုင်း မလျော့စေဘဲ ခံနိုင်ရည်အားဖြည့်ရန် လိုအပ်သည့် လုပ်ငန်းများဖြင့် အားဖြည့်ဆောင်ရွက်ခြင်း၊ မလိုအပ်သည့်အစိတ်အပိုင်းများကို ဖယ်ရှားသင့်ပါကြောင်းဖြင့် အကြံပြုတင်ပြ၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှေ့နေချုပ်ရုံး၊ ဥပဒေပညာရှင်များနှင့် သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု တင်ပြချက်များကို ဆွေးနွေးတင်ပြကြပြီး​နောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ယခုတင်ပြချက် ၊ အကြံပြုချက်၊ စစ်ဆေးတွေ့ရှိချက်များကို  အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု(၄)ထပ်စာသင််ကျောင်းကို ကျောင်းမဖွင့်မီ ပြုပြင်သွားဖို့ ပြည်ထောင်စုဝန်ကြီးထံသို့ ယခုအကြံပြုချက်များကို ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း ၊ ဥပဒေအကြံပြုချက်ကိစ္စနှင့်ပတ်သက်၍လည်း  ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်အကြံပြုချက် တောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 


back to top Eng