နေပြည်တော် ဩဂုတ်လ(၂၅)ရက်။
အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်အစီအစဉ်များအား အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ညွှန်ကြားရေးမှူးများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယနေ့မှစတင်၍ ပြုလုပ်မည့်လုပ်ငန်းစဉ်များသည် လွန်စွာအရေးကြီးပါကြောင်း၊ အားကစားဖွံ့ဖြိုးလာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းများနှင့်နှစ်စဉ်အသေးစိတ်ဆောင်ရွက်ရမည့်လုပ်ငန်းများ တင်ပြရန်လိုအပ်ပါကြောင်းနှင့်ယခုအခါ(၅)နှစ်အတွင်းပြုလုပ်မည့်လုပ်ငန်းစဉ်များကို ယေဘုယျတင်ပြကြရန်၊ ယခုဆောင်ရွက်မည့်အစီအစဉ်များတွင် အဆင့်(၂)ဆင့်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် ပြည်နယ်နှင့်တိုင်းများဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများတွင် အားကစားနှင့် ကာယပညာ ကော်မတီအဖွဲ့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ဝန်ကြီးချုပ်များဦးဆောင်၍ လူမှုရေးဝန်ကြီးများ နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင် ဆောင်ရွက်နေသည်ကိုတွေ့ရ ပါကြောင်း၊ မိမိတို့ဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့်လည်း ထိုသို့ပံ့ပိုးမှုအားကိုယူ၍ မိမိတို့ဒေသရှိ လူ့စွမ်းအားအရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ခေါင်းဆောင်သော ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ များသည် တင်ပြလာသည်များကိုစီစစ်၍ ကောင်းမွန်သောအစီအစဉ်သစ်တစ်ခုရေးဆွဲပြီး ဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် မိမိတို့၏ အားကစားလုပ်ငန်းအတွေ့အကြုံများ၊စိတ်ကူးများ၊ အကြံဉာဏ်များဖြင့် မိမိတို့ဒေသ၊ မိမိတို့ဌာနခွဲများအတွက် အကောင်းဆုံးဖြစ်စေရန် တင်ပြဆွေးနွေးစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှ (၂၀၂၁-၂၂)မှ (၂၀၂၅-၂၆) အစီအမံများ၊ ဦးစီးဌာနဖွဲ့စည်းပုံအရ စီမံ/ဘဏ္ဍာဌာနခွဲ၏ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ဘဏ္ဍာနှစ်အလိုက်အသုံးစားရိတ် နှင့်စက်ပစ္စည်းလျာထား စာရင်းများကိုတင်ပြ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ယှဉ်/လေ့(၁)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြည်နယ်နှင့်တိုင်းများတွင်ကျင်းပမည့် ပြိုင်ပွဲလျာထားစီမံချက်များ၊ အားကစားပြက္ခဒိန်များ စနစ်တကျရေးဆွဲကျင်းပနိုင်ရေး၊ အားကစားပြိုင်ပွဲများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ကြည့်ရှု့နိုင်ရေးအတွက် နယ်လှည့်ပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ကျင်းပမည့် အားကစားပြိုင်ပွဲများသည် အရှေ့တောင်အာရှနှင့်အာရှအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာတွင်အောင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် အားကစားနည်းများအား အဓိကထား၍ထည့်သွင်းကျင်းပနိုင်ရေးနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဒေသခံအားကစားသမားများ ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ရေး အစရှိသော လျာထားစီမံချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ယှဉ်/လေ့(၂)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ ရှေ့ဆက်ဆောင်ရွက်မည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ဝန်ထမ်း ဖွဲ့စည်းပုံအင်အား၊လေ့ကျင့်ရေးပိုင်းဆိုင်ရာကိစ္စရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှု ပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သော ဝန်ထမ်းဖွဲ့စည်းပုံအင်အားများ၊ သီးခြားတာဝန်များ၊ စခန်းတွင်းလေ့ကျင့်ရန်လျာထားမှုရှေ့ဆက်မည့်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးဆိုင်ရာတွက်ချက် ထားရှိမှုများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ဆောင်ရွက်မည့်နည်းလမ်းများ၊ ကော်မတီ များဖွဲ့၍ သက်မှတ်ဆောင်ရွက်မည့်အစီအစဉ်များ၊ စခန်းသွင်းလေ့ကျင့်မှုလျာထားချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အဖွဲ့ချုပ်များ ပူးပေါင်းဖွင့်လှစ်မှု သင်တန်းများ၊ အခြားသင်တန်းများ ဖွင့်လှစ်မည့်အစီအစဉ်လျာထားချက်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။
ထိုနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်ပြောကြားရာတွင် အကြောင်းအရာကိစ္စများကို ဆောင်ရွက်ရာတွင် သေချာစွာသုသေသနပြု၍ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ထွက်ပေါ်လာသောရလဒ်ပေါ်မူတည်၍အားနည်းချက်၊အားသာချက်များကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ထိုမှသာ ထွက်ပေါ်လာသော ရလာဒ်များနှင့်မြေပြင်ဖြစ်ပေါ်နေသောအခြေအနေကိုနှိုင်းယှဉ်၍ အကောင်းဆုံး ထိရောက်သော နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးတက်ရောက်သူများမှ တင်ပြလာသည့် အစီအမံများနှင့်လိုအပ်ချက်များကို အတက်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။