နေပြည်တော်၊ မေလ(၁၁)ရက်။
ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ် ဆောင်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ အဆိုပါအားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် (၉:၃၀) အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Gold Medal Hall ခန်းမ၌ သွားရောက်တွေ့ဆုံ အားပေးကာ လမ်းညွှန်အမှာစကားပြောကြားပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးအား မြန်မာအားကစားအဖွဲ့များနှင့် အဖွဲ့လိုက် မိတ်ဆက်ဂါရဝပြုကြပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ ရှင်းလင်းတင်ပြရာတွင် အိမ်ရှင်နိုင်ငံမှ ပြိုင်ပွဲကျင်းပမှုပုံစံများ၊ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အခြေအနေများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပေးနေမှု အခြေအနေများ၊ အားကစားသမားများအား ထောက်ပံ့ကျွေးမွေးထားရှိမှု အခြေအနေများ၊ လေ့ကျင့်ရေးသုံးအထောက်အကူပြုပစ္စည်းများ ပံ့ပိုးထားရှိမှု အခြေအနေများ၊ မြန်မာအားကစား အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နိုင်ငံခြားနည်းပြငှားရမ်းမှုအခြေအနေများ၊ လေ့ကျင့်ရေးကာလနှင့် ပြိုင်ပွဲဝင်ကာလ ခန့်မှန်းကုန်ကျစရိတ်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဖြည့်စွက်၍ ရှင်းလင်းတင်ပြရာတွင် မြန်မာအားကစားအဖွဲ့များအား လေ့ကျင့်ရေးကာလအတွင်း စည်းကမ်းပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာများကို အဓိကဦးစားပေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆုတံဆိပ်ရရှိနိုင်သည့် အားကစားနည်းအလိုက် ဆုရရှိနိုင်မှု မျှော်မှန်းထားရှိမှုအခြေအနေများ၊ အားကစား အဖွဲ့များအတွက် အာဟာရ ပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနှင့် စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များ လိုအပ်မှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လမ်းညွှန်အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စတို့ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်၍ မိမိတို့အနေနှင့် ပိုမိုအလေးအနက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူလူထုအားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အဓိကဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အဓိက အားပေးဆောင်ရွက်ရမည့်တာဝန် ဖြစ်ပါကြောင်း၊ ကျန်းမာဖို့အတွက်ဆိုလျှင် ပြည်သူများ အစားအသောက်ပိုင်းဆိုင်ရာနှင့် အနေအထိုင်၊ အလေ့အကျင့်များကို ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်ပြီး ကြံ့ခိုင်မှုအတွက်ဆို ပြည်သူတိုင်း ကိုယ်လက်လှုပ်ရှားအားကစားကို လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ကျန်းမာ ကြံ့ခိုင်မှ တိုင်းပြည် တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ပတ်သက်၍ အားကစားသမားများ အထူးဂရုစိုက်ရန်အရေးကြီးပါကြောင်း၊ သန့်ရှင်းသပ်ရပ်ပြီး အာဟာရ ပြည့်ဝသော အစားအသောက်ကို စနစ်တကျ စားသုံးရန်နှင့် အားကစားတစ်ခုချင်းလိုက် လိုအပ်သောအာဟာရဖြစ်အောင် စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လှုပ်ရှားနိုင်သော အားကစားနည်းမျိုးအပြင် တိုင်းပြည်ဂုဏ် ဆောင်နိုင်သောအားကစားနည်းများကို ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရ၍ ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ရန်၊ လမ်းလျှောက်ခြင်းဖြင့် အားကစားကို ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်း/ခရိုင်/မြို့နယ်အသီးသီးရှိ လမ်းလျှောက်နိုင်သောနေရာများ ဆောင်ရွက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်သော နေရာများ၊ အားကစားကွင်း/အားကစားရုံများကို ဘတ်ဂျက်လျာထားပေးမှုနှစ်အလိုက် တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ကိုယ်လက်လှုပ်ရှားအားကစားကို လမ်းလျှောက်ခြင်းအပါအဝင် ပြုလုပ်နိုင်မည့် နေရာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ကောင်စီဥက္ကဋ္ဌများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရန်အတွက် မြို့နယ်အသီးသီးတွင် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်းများ ရှိရမည် ဖြစ်ပြီး အားကစားအောင်မြင်မှု ရရှိစေရန်အတွက် ခေတ်မီ မိုးလုံလေလုံအားကစားရုံများ၊ အားကစားနည်းများစွာ ကစားနိုင်သည့် အားကစားရုံများ ခေတ်မီပုံစံများဖြင့် တည်ဆောက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒိုင်ဗင်စင်ပါရှိသော ရေကူးကန်တစ်ခု မဖြစ်မနေ တည်ဆောက်ဆောင်ရွက်နိုင်ရေး ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းနှင့် ပြေးခုန်ပစ်အားကစားနည်းမှာ ဆုတံဆိပ်အများဆုံးရရှိသော အားကစားနည်း ဖြစ်ပါသောကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှာ ရေကူးကန်ရှိရေးနှင့် မီတာ(၄၀၀) Synthetic ပြေးလမ်း ဘောလုံးကွင်းများကို ကြိုးစား တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ယခင်ထက်စာလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ဝန်ကြီးဌာနပေါင်းစုံ၊ ကျောင်းသားအားကစား ပြိုင်ပွဲများ ကျင်းပမှုအတိုင်းအတာ လျော့နည်းပါသောကြောင့် အဆိုပါ ပြိုင်ပွဲများအား ပြန်လည် ကျင်းပပေးရမည်ဖြစ်ပါကြောင်း၊ ထိုမှသာ ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ထွက်လာသော မျိုးဆက်သစ်များကို နိုင်ငံ့လက်ရွေးစင်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင်လည်း လူရွေးချယ်မှုအပိုင်းနှင့် အားကစားကို အမှန်တကယ် စိတ်ပါဝင်စားသော လူငယ်ကျောင်းသားများကို ရွေးချယ်နိုင်ရေးနှင့် လေ့ကျင့်မှုပိုင်းတွင် နည်းပြ/ နည်းစနစ်များ အနေဖြင့် အရည်အသွေးပြည့်ဝပြီး စည်းကမ်းကောင်းမွန်သူများဖြစ်ရန် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှသာ သင်တန်းသား/အားကစားသမားများကို စည်းကမ်းသေဝပ်သော အားကစားသမားများဖြစ်ရန် လမ်းညွှန်မှု ပြုနိုင်မည်ဖြစ်ပါကြောင်း၊ နည်းစနစ်ပိုင်းများအနေဖြင့် နိုင်ငံတကာ အဆင့်မီနည်းစနစ်များ သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် ကြံ့ခိုင်မှုလေ့ကျင့်ရာတွင် အားကစားတစ်ခုနှင့်တစ်ခု မတူညီနိုင်ပါကြောင်း၊ အားကစားတစ်ခုချင်းစီအတွက် ကြံ့ခိုင်ရေးဆရာများ ရှိအောင် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် အစာအာဟာရလိုအပ်မှုခြင်းလည်း မတူညီနိုင်ပါကြောင်း၊ လေ့ကျင့်မှုပိုင်း မတူညီနိုင်ပါကြောင်း၊ ထို့ကြောင့် ခေတ်မီနည်းစနစ်များ စနစ်တကျလေ့ကျင့်နိုင်ရေး နိုင်ငံခြားနည်းပြများ၊ အားကစားနည်းအလိုက် ငှားရမ်းအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အားကစားပြိုင်ပွဲများကို သက်တမ်းအလိုက် ပြိုင်ပွဲများ အသက်မှန်ကန်မှု စနစ်တကျဖြင့် ပြိုင်ပွဲများကျင်းပရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲအချို့သည် သက်တမ်းအလိုက် ပြိုင်ပွဲများ ဖြစ်ပါသောကြောင့် သက်တမ်းအလိုက် စီစစ်လေ့ကျင့်ပေးနိုင်ရေး အထူးအရေးကြီးပါကြောင်း၊ အားကစားသမားများ ရေရှည် ဘဝအာမခံချက်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုမှသာ အားကစားသမားများ မိမိဘဝတွင် စိတ်အေးလက်အေးဖြင့် အားကစားကို တစိုက်မတ်မတ် ကြိုးစားနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ကြိုတင်လေ့ကျင့်မှု ဆောင်ရွက်ရာတွင် မိမိ၏ စံချိန်စံညွှန်း တိုးတက်မှုရှိအောင် ဆောင်ရွက်ရသလို အခြားပြိုင်ဘက်နိုင်ငံများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ စံချိန်စံညွှန်းကို စဉ်ဆက်မပြတ် လေ့လာသိရှိထားရှိပြီး ၎င်းတို့ထက် သာနေအောင် ပစ်မှတ်ထားကြိုးစားရမည်ဖြစ်ပါကြောင်း၊ ဆေးပညာပိုင်းဆိုင်ရာအနေဖြင့် အားကစားသမား တားမြစ်ဆေးသုံးစွဲမှု အထူး ကြပ်မတ်ရန် လိုအပ်ပြီး အားကစားသမားများ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေမှု ရရှိစေရေး လေ့ကျင့်စဉ်ကာလ၊ ပြိုင်ပွဲကာလ၊ ပြိုင်ပွဲပြီးကာလ စိတ်ခံစားချက်များ ကောင်းမွန်အောင် လေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ဆေးအဖွဲ့အနေနှင့် အားကစားနည်းအလိုက် တစ်ဦးချင်း စိတ်ဓာတ်ပိုင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အမြဲစစ်ဆေး ပေးသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ပြိုင်ပွဲများ လက်ခံကျင်းပနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး မိမိတို့ ရိုးရာအားကစားနည်းဖြစ်သော မြန်မာ့သိုင်းကို မြန်မာနိုင်ငံ၏ အဓိက ပင်မကိုယ်ခံ အားကစားနည်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့သိုင်းပညာရှင်အဖွဲ့ချုပ်နှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာ အားကစားနည်း များကို နိုင်ငံ့အားကစားနည်း အဖြစ်ကြိုးစားပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ အားကစားသမားများအနေနှင့် နိုင်ငံတကာ အလယ်တွင် နိုင်ငံဂုဏ်ကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်သူများ ဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားအား လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လမ်းညွှန်မှာကြားကာ စိတ်ဓာတ်ခွန်အား မြှင့်တင် အားပေးစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားသမားစားရိပ်သာသို့ ရောက်ရှိလာပြီး အားကစားသမားများအား နေ့လည်စာ စားသောက်ရန် ချက်ပြုတ်နေမှုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ပေးသော Fitness Center, GYM ခန်းမသို့ ရောက်ရှိကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌နေပြည်တော် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ COVID-19 ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။