နေပြည်တော်၊ ဒီဇင်ဘာလ(၂၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ၊ (၅)နှစ်တာကာလစီမံချက် ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀) အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ Video Conferencingစနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ် ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားကွင်း ကွင်းရုံတာဝန်ခံ အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်းရှိ အားကစားလေ့ကျင့်ရေးစခန်း(၁) လယ်ဝေးရှိ အားကစားလေ့ကျင့်ရေးစခန်း(၂)၊ မြင်းစီးအားကစားကွင်း၊ ပီတန်း အားကစားကွင်း၊ ဘိလိယက်စနူကာအားကစားကွင်း၊ ငလိုက်ဆည်အားကစားလေ့ကျင့်ရေးစခန်း၊ BXM၊ အားကစားကွင်းတာဝန်ခံအင်ဂျင်နီယာများမှ အားကစားကွင်းများနှင့် ပတ်သက်၍ အသုံးပြုပုံများ၊ အားကစား ကွင်းရှိ အဆောက်အဦးများ၊ အထောက်အကူပြုပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ၊ ပျက်စီးယိုးယွင်းနေမှုအခြေအနေများ၊ ပြုပြင်မှု ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများဖြစ်ကြသော အမျိုးသားအား ကစားရုံ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ သိမ်ဖြူတင်းနစ်အားကစားကွင်း၊ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၊ သိမ်ဖြူဟော်ကီကွင်း၊ အမျိုးသားကြက်တောင်အားကစားရုံ၊ ကျိုက္ကဆံဘတ်စကတ်ဘောရုံ၊ ရန်ကုန် အမျိုးသားရေကူးကန်(ဦးဝီစာရ) အစရှိသော အားကစားကွင်း/ရုံ တာဝန်ခံများမှ မိမိတို့၏ အားကစားကွင်းရုံ/အားကစားရုံ ပြိုင်ပွဲများလက်ခံကျင်းပမှုအခြေအနေ၊ အားကစားသမား များ လေ့ကျင့်နေမှု အခြေအနေ အားကစားကွင်း/အားကစားရုံများ ပြုပြင်မွမ်းမံမှု လုပ်ငန်းစဉ်များအပြင် အားကစားကွင်း/အားကစားရုံများကို ပျက်စီးယိုးယွင်းနေမှုအခြေအနေ၊ မဖြစ်မနေ ပြန်လည်ပြုပြင် ထိန်းသိမ်းရမည့် အခြေအနေများကိုလည်းကောင်း၊ မန္တလေးမြို့ရှိ မန္တလာသီရီအားကစားကွင်း၊ ဘက်စုံသုံး အားကစားရုံ စက်ဘီးကွင်း၊ ဂေါက်လေ့ကျင့်ရေးကွင်း အခြေအနေစသည့် အားကစားကွင်း တာဝန်ခံအင်ဂျင်နီယာများမှ အားကစားကွင်း/ အားကစားရုံများ လက်ရှိအသုံးပြု ဆောင်ရွက်နေသည့် အခြေအနေ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ ပျက်စီးယိုယွင်း ပြုပြင်ထိန်းသိမ်းရမည့် အခြေအနေများကိုလည်းကောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစား ကွင်း/အားကစားရုံ တာဝန်ခံများမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ အားကစား ကွင်း/အားကစားရုံများ၊ လက်ရှိအသုံးပြုနေမှု အခြေအနေ၊ အသစ်တည်ဆောက်နေမှု အခြေအနေ၊ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ၊ မြေလွတ်မြေရိုင်းများတွင် မြေနေရာရရှိမှုပေါ်မူတည်၍ အားကစားကွင်း/ရုံ ဖော်ထုတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြေဂရမ်ရရှိဆောင်ရွက်မူ အခြေအနေများ၊ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘတ်ဂျက်တို့ဖြင့် တည်ဆောက်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အသစ်ထပ်မံတည်ဆောက်ရန် လျာထား ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်ပြောကြားရာတွင် တစ်နိုင်ငံလုံးရှိ အားကစားကွင်း/အားကစားရုံများ ပျက်စီး ယိုယွင်းနေမှုအား ပြုပြင်ထိန်းသိမ်းရာတွင် ဦးစားပေးလုပ်ငန်းစဉ်များ စိစစ်၍ နှစ်အလိုက်ဘတ်ဂျက် စိစစ်တောင်းခံ တင်ပြရန် လိုအပ်ပါကြောင်း၊ အားကစားကွင်းရုံများ ထိန်းသိမ်းရာတွင် နိုင်ငံတကာ အားကစားကွင်း/အားကစားရုံများ ထိန်သိမ်းဆောင်ရွက်နေမှုများကို လေ့လာပြီး မိမိ မည်သို့လုပ် ဆောင်ရမည်ကို ကြိုးစားဆောင်ရွက်သင့်ပါကြောင်း၊ အားကစားကွင်း/အားကစားရုံများ ထိန်းသိမ်းရာတွင် နေ့စဉ်စစ်ဆေးမှု(Check list)၊ ဆောင်ရွက်မှုများ မှတ်တမ်းထားရှိရန် လိုအပ်ပြီး ပျက်စီးမှု တစ်စုံတစ်ရာရှိပါက အချိန်နှင့် တပြေးညီ တင်ပြရန်လိုအပ်ပါကြောင်း၊ အမျိုးသားရေကူးကန်တွင် Fitness Center ထားရှိရန် သက်ကယ် သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် ဆောင်းရာသီကစားနည်းများ(Winter Sports) ရေခဲတောင်အားကစားနည်းများ ကျင်းပရန် ရေခဲတောင်ဒေသရှိ နေရာများအား ပြည်နယ်အစိုးရကို တင်ပြ၍ သွားရောက် ကြည့်ရှုလေ့လာရန် လိုအပ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာတွင် သဲသောင်ပြင် (Beach) အားကစားနည်းများ ကျင်းပရန်အတွက် ကြိုတင် ဖြည့်ဆည်းထားရှိရန် လိုအပ်ပါကြောင်း၊ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရာတွင် မြေပိုင်ဆိုင်မူ သေချာအောင်ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အဦးများ ဆောက်လုပ်ရာတွင်လည်း ဒေသတစ်ခုနှင့် တစ်ခု မတူညီသည့်အတွက် ရာသီဥတုဒဏ်၊ မြေငလျင်ဒဏ်၊ သဘာဝဘေး ကျရောက်နိုင်မှု အခြေအနေများကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် အားကစား ကွင်း/အားကစားရုံအသုံးပြုသူများအတွက် အားကစားလေ့ကျင့်ရာတွင် ဘေးကင်းလုံခြုံမှု ရရှိစေရန် အထူးဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး အားကစားကွင်း/ရုံများအား Software စနစ်ဖြင့် ထိန်းချုပ်၍ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက် သင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေဂရမ်ခွင့်ပြုမိန့် ရရှိပြီးစီးပါက ဦးစွာ ခြံစည်းရိုးကာခြင်း လုပ်ငန်းကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ထိုမှသာ ကျူးကျော် ကိစ္စများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံများ စိမ်းလန်းစိုပြေရေးအတွက် အလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ခံအင်ဂျင်နီယာများ နိုင်ငံတကာတွင် ကျင့်သုံးနေသော အားကစားကွင်း/ရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု လုပ်ငန်းများကို လေ့လာရန် လိုအပ်ပါကြောင်း၊ အားကာသိပ္ပံကျောင်းများတွင် ဆေးခန်းနှင့် စမ်းသပ်ခန်း၊ Fitness Center များကို သီးခြားစီထားရှိရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/အားကစားရုံများတွင် ပြည်သူများ အားကစားကို လာရောက် လေ့ကျင့် အသုံးပြုနိုင်စေရန်အတွက် စည်းရုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။