skip to content

နေပြည်တော်၊ ဒီဇင်ဘာလ(၁၉)ရက်။          

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရုံးအမှတ်(၄)၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့(ကရင်)ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာသီသီဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ) ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါသည်။

  • ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အဖွင့် အမှာစကားပြောကြားရာတွင် COVID-19 သည်ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ကမ္ဘာပေါ်တွင်လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍအပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိသူများက ကြိုတင် မျှော်မှန်းတွက်ဆပြီးCOVID-19 ခေတ်ကာလနှင့် သင့်လျော်သည့် နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊
  • ယခုအချိန်၌ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် အစပြုရန် လိုအပ်နေပြီး ထိုကဲ့သို့ မလုပ်ဆောင်ပါက နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုဟာ အလွန်နှောင့်နှေးသွားမည်ဖြစ်ပါကြောင်း၊
  • မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ယခင်ကတည်းက လူထုလှုပ်ရှားမှု အားကစား ဆောင်ရွက်မှုများကို အထူးတက်ကြွစွာ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို တွေ့ရှိပြီး ယခုလို COVID-19 ကပ်ရောဂါကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖြစ်ပွားလာပြီး နောက်အားကစား လှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှုများကို အရှိန်အဟုန်မပျက် မည်သို့ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစား ကြံဆဆောင်ရွက်ရန် မိမိတို့ဝန်ကြီး ဌာနနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိခြင်းသည် နိုင်ငံအတွက် အလွန်ကောင်းမွန်ပါကြောင်း၊
  • အားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုကို ဖြစ်စေခြင်း၊ လျင်မြန်ဖျတ်လက်မှုဖြစ်စေသည်သာမက စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ စိတ်ကျန်းမာမှုကို ဖြစ်စေခြင်း၊ မှန်ကန်စွာ စဉ်းစားဆုံး ဖြတ်နိုင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါစသည့် မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှု ကာကွယ်ပေးခြင်း၊ အသက်ကြီးလာပါကလည်း ကျန်းမာစွာ နေထိုင်နိုင်ပြီး ဘဝနေထိုင်မှု အရည်အသွေးများကို မြင့်မားစေခြင်း၊ အမျိုးသမီးများတွင် အရိုးပွရောဂါဖြစ်ပွားမှုမှစ၍ အခြားနာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာ ရှိသည့်အတွက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ လုပ်ဆောင်နေသည့် လုပ်ငန်းများအား မိမိတို့ဝန်ကြီးဌာနမှ အထူး ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊
  • ထို့အပြင်အားကစားလုပ်ခြင်းဖြင့်ဇီဝကမ္မဗေဒ မှန်ကန်ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်းရှိ မြောက်များစွာသောဟော်မုန်းဓာတ်များနှင့်အင်ဇိုင်းအမျိုးမျိုးတို့ကို ညီညွှတ်မျှတစွာထိန်းညှိပေး ပြီးကိုယ်ခံစွမ်းအားကိုတိုးတက်ကောင်းမွန်စေကာ COVID-19 အပါအဝင်အခြားရောဂါများကို ခုခံနိုင်စွမ်းလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊
  • ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ဒိုပါမင်း (dopamine) ကဲ့သို့သော ဟော်မုန်းများ များပြားလာသဖြင့် စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ပါကြောင်း၊
  • အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာလှပခြင်းသာမကစိတ်လက်ပေါ့ပါးလန်းဆန်းခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိပါကြောင်း၊ အားကစားကို စိတ်ပါဝင်စား လုပ်ဆောင်ခြင်းအားဖြင့် ဂိမ်းအလွန်အကျွံ စွဲလမ်းခြင်းများ၊ အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး သုံးစွဲမှုများလည်း လျော့နည်း ပပျောက်လာမည်ဖြစ်ပါကြောင်း၊
  • ယခုကဲ့သို့Videoconferencingစနစ် အသုံးပြု၍ ပညာရှင်များ ဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် အလွန် ကောင်းမွန် အကျိုးရှိပါကြောင်းနှင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊
  • နောင်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် လူငယ်များ၊ အားကစားသမားများ၊ နည်းပြများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာ ဒေသအရပ်ရပ်ရှိ သာမာန်ပြည်သူများကိုလည်း ဖိတ်ခေါ်ဆွေးနွေးရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ နယ်ပယ်စုံမှ ပြည်သူများ၏ အမြင် ရှုထောင့်များကို သိရှိနိုင်မည်ဖြစ်ပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊
  • မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး "Exercise is Medicine" အစီအစဉ်အရတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် Fitness dance များကို ကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့သော COVID-19 ခေတ်ကာလ၌ တစ်ဦးချင်း ကစား၍ ရသော အားကစားနည်းများကို အားပေးရန် လိုအပ်ပါကြောင်း၊
  • ပြည်သူများအကြားတွင် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟူသော အမူအကျင့်၊ အလေ့အထတစ်ခု ဖြစ်လာသည်အထိ ပြောင်းလဲ ဖြစ်ပေါ်လာစေရန် မိမိတို့အားလုံး အလေးထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊
  • အိမ်ထောင်စုတစ်စုချင်း အနေဖြင့်လည်း နေအိမ်၌ပင် ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ်ပြုလုပ်ရန် မိသားစုဝင် အချင်းချင်း အသိပေးခြင်း သတိပေးခြင်းများကို ပြုလုပ်ပေးစေလိုပါကြောင်း၊
  • ဝန်ကြီးဌာနအနေဖြင့် အားကစားပြုလုပ်ခြင်း၏ ရရှိနိုင်သော ရေတိုနှင့် ရေရှည် အကျိုးကျေးဇူး အမျိုးမျိုးကို ရေးသားထားသော စာအုပ်ကို အပြီးသတ် တည်းဖြတ်လျက်ရှိပြီး မကြာမီ ထုတ်ဝေကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊
  • အားကစားလုပ်ခြင်းသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက်သာမက တစ်နိုင်ငံလုံး၏ ကျန်းမာရေးကောင်းမွန်တိုးတက်ရေးကိုလုပ်ဆောင်နေခြင်းဖြစ်သဖြင့် မြန်မာ အမျိုးသမီးအားကစား အဖွဲ့ချုပ်၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှိသည်များကို ဆက်လက်ပူးပေါင်း ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါက်တာမြလေးစိန်မှ ပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်သည် ၁၉၉၀ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း(၃၀)တိုင် ရပ်တည်လာနိုင်ခဲ့ပြီး ဥက္ကဌများ၊ အမှုဆောင်များ ပြောင်းလဲသည့်တိုင် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသမီးများ၊ မိခင်များ၊ အမျိုးသမီး အားကစားသမားများ၏ အကျိုးဖြစ်ထွန်းစေသော ကိုယ်ခန္ဓာနှင့် စိတ်ဓါတ်များ ကျန်းမာ သန်စွမ်းစေသော မြှင့်တင်ဆောင်ရွက် လှုပ်ရှားမှုများကို ယခင်ကထက် ပိုမို အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုCovid-19 ကာလတွင်လည်း ယခင်ကာလများမှ ဖြစ်ပွားခဲ့သော ရောဂါဗေဒများ ဖြတ်ကျော်ခဲ့ပြီးသည့် အတွေ့အကြုံကောင်းများကို အသုံးချပြီး New Normal Life ကိုကျင့်သုံးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့နေထိုင်ရာတွင် လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်အာဟာရ မျှတ ဖွံ့ဖြိုးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့သော အခြေအနေတွင် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အဓိက လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရမည့်အချက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (EIM) သည် မိမိတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်ကသာ ဆောင်ရွက်နေသည်မဟုတ်ပဲ UN ၊ WHO ၊ IOC ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းကြီးများမှပါ ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်စွာ ကမ္ဘာအနှံ့၌ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအတိုင်းအတာဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ ယခုဆိုရင် အဆင့်(၄)သို့ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထိုလှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲသည်လည်း ပြိုင်ပွဲ အသွင် မဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြည်သူများ ပါဝင်လာမှုကို အဓိကထား          ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အားကစားကို မဖြစ်မနေ လုပ်ဆောင်ရမည့် အလေ့အကျင့် ဝါသနာအစွဲတစ်ခုကဲ့သို့ ဖြစ်လာစေရန် လိုအပ်ပါကြောင်း၊ ထိုမှသာ New Normal Life Era တွင် အပြုအမူ၊ နေထိုင်မှုပုံစံ၊ ခံယူချက်များ ပြောင်းလဲပြီး ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ခိုင်မာသော နေထိုင်မှုမျိုး နေထိုင်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးမှ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊Covid-19ကာလ မတိုင်မီ အဖွဲ့၏ ဆောင်ရွက်နိုင်မှုများ၊ လတ်တလော ဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက်လုပ်ဆောင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစားဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများကို ဆွေးနွေးခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ)ဒေါက်တာရဲတင့်လွင်မှ Stay at Home Covid-19 ကာလအတွင်း လူမှုနေထိုင်မှု ပုံစံအသစ်တွင် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက်အရွယ်ကြီးရင့်သူများ မီးဖွားပြီး ပြုလုပ်သင့်သော အေရိုးဗစ် ၊ လမ်းလျှောက်ကဲ့သို့သော တစ်ကိုယ်လုံး လှုပ်ရှားမှုရှိပြီး အတန်အသင့် ပြင်းထန်မှုရှိသော လေ့ကျင့်ခန်းမျိုးကို တစ်ပတ်လျှင် မိနစ်(၁၅၀)ခန့် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အရွယ်ရောက်ပြီး လူငယ်/လူရွယ်များတွင် ပြုလုပ်သင့်သော ကြိုးခုန်ခြင်း၊ ကြွက်သား သန်မာမှု လေ့ကျင့်ခန်းများကဲ့သို့ ပြင်းထန်မှုရှိသောလေ့ကျင့်ခန်းများ၊ စိတ်ဖိစီးမှုကို လျော့ချ စေနိုင်သော စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ အဟာရမျှတစွာ နေထိုင်စားသောက်မှုများအကြောင်း၊ လေ့ကျင့်ခန်းများပြုလုပ်ရာတွင် ထိရောက်မှုရှိသော လေ့ကျင့်ခန်းများ ဖြစ်စေရန်အတွက် ပုံမှန်ပြုလုပ်ရမည့် လေ့ကျင့်ခန်းအကြောင်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန(စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ Stay at Home ကာလတွင် ပြုလုပ်ခဲ့သည့် အားကစားလှုပ်ရှားမှု အခြေအနေများ၊ Online တစ်ကိုယ်ရည် ဘောလုံးစွမ်းရည်၊ ခြင်းလုံးစွမ်းရည် ပြိုင်ပွဲများအကြောင်း ရှေ့ဆောင်ရွက်မည့် အားကစား လှုပ်ရှားမှုများအကြောင်း၊ New Normal Life Era ဆောင်ရွက်မည့် အားကစားကွင်း/ရုံ ပြင်ဆင်ထားမှုများ အကြောင်းစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ (ကရင်)ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာတီတီဝင်းမှ ကရင်ပြည်နယ်အတွင်း ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင်းခန်း ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ရောဂါကုသရာတွင် လူနာများအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမျှဝေပေးနေမှုများ၊ Physical Fitness Dance ပြုလုပ်ခြင်းဖြင့် လူတန်းစားမရွေး ပြုလုပ်နိုင်ပြီး ကုန်ကျစရိတ် သက်သာသော အားကစားနည်းဖြစ်သည့်အတွက် (EIM) ပိုမိုအသက်ဝင် လှုပ်ရှားမှုရှိစေရန် ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ သုံးသပ်ပြောကြားရာတွင် ယခုကာလတွင် အားကစားလှုပ်ရှားမှု အသိပညာပေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ Online ပြိုင်ပွဲများ ပြုလုပ်ရာတွင် အသက်အရွယ်ပေါင်းစုံ ပါဝင်နိုင်ရန် သက်ဆိုင်ရာ အသက်အရွယ်အလိုက် ပြိုင်ပွဲများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာသန်စွမ်းသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် အားကစားလှုပ်ရှားမှုများ ပြုလုပ်ရာတွင် မသန်စွမ်း ကလေးသူငယ်များအတွက်ပါ ထည့်သွင်းစဉ်းစားကျင်းပပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမေးအဖြေကဏ္ဍများပြုလုပ်ပြီး ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

 

         

 


back to top Eng