skip to content

နေပြည်တော်၊ စက်တင်ဘာ(၂၆)ရက်။     

30th SEA Games Organizing Committee သို့ By Name အမည်စာရင်းများ အမည်စာရင်းများသတ်မှတ် အချိန်မီပေးပို့နိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်ကြပါသည်။

ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် 30th SEA Games အား ဖိလစ်ပိုင်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံပြီး နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည် ပြိုင်ပွဲ၀င်နိုင်ငံအနေနှင့် ပြိုင်ပွဲ၀င်အမည်စာရင်း အပြီးသတ်ပေးရန်အချိန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဖွဲ့ချုပ်များအနေဖြင့် SEA Games ၀င်ရောက်ယှဉ်ပြိုင်မည့် လူစာရင်းအား ယခုလအစည်းအဝေး၌ နောက်ဆုံးအတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲ၀င်အမည်စာရင်းပေးရာတွင် လူရွေးချယ်မှုကို မည်သို့မူဝါဒ မည်သည့်ပုံဖြင့် ရွေးချယ်ခဲ့ရသည်ကို ရှင်းလင်းပြောကြားရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲရွေးချယ်စေလွှတ်ယှဉ်ပြိုင်သူသည် ဆုတံဆိပ်ရရှိရန် အခြေအနေကို ရှင်းလင်းပြောကြားရန်လိုအပ်ကြောင်းနှင့် ပြိုင်ပွဲစေလွှတ်ရန်ရွေးချယ်ရာ၌ ဆုတံဆိပ်ရရှိနိုင်သူကို စံချိန်စံညွန်းများကြည့်ရှုကာ ရွေးချယ်စေလွှတ်ရန်လိုအပ်ကြောင်း၊ လိုက်ပါတာ၀န်ယူဆောင်ရွက်မည့် အုပ်ချုပ်/နည်းပြများကို သေချာစိစစ်ရွေးချယ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာ၀န်ရှိသူများမှ အားကစားနည်းအလိုက် ပါ၀င်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် နည်းပြ/အုပ်ချုပ်သူ၊ ကစားသမားအရေအတွက်စာရင်းများ အသီးသီးရှင်းလင်းတင်ပြပြီး အဆိုပါပြိုင်ပွဲ၀င်များအား မည်ကဲ့သို့ ပြိုင်ပွဲများအဆင့်ဆင့်ရွေးချယ်ခဲ့ပုံနှင့် စံချိန်စံညွှန်းများ ပြိုင်ပွဲတွင်ရရှိနိုင်သော မျှော်မှန်းဆုတံဆိပ်များအားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြခြင်း၊ ထပ်မံ၍ မိမိတို့စရိတ်ဖြင့် ရွေးချယ်စေလွှတ်ယှဉ်ပြိုင်လိုသည့် အားကစားသမားများတင်ပြခြင်း၊ ပြိုင်ပွဲတွင်လိုအပ်သည့် ပြိုင်ပွဲအားကစားအထောက်အကူပြုပစ္စည်းများ လိုအပ်မှုအခြေအနေနှင့် ပြိုင်ပွဲမစတင်မီ ပြည်ပနိုင်ငံများသို့ ပူးတွဲ သွားရောက်မည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြဆွေးနွေးရေး ဒုတိယ၀န်ကြီးနှင့် တာ၀န်ရှိသူများအသီးသီး ဆုံးဖြတ်ဆောင်ရွက်ပေးကြပါသည်။

 

ဆက်လက်၍ ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အားကစားပြိုင်ပွဲတွင် မိမိတို့မှ အကောင်းဆုံးအရည်အချင်းနှင့်အင်အားကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ အောင်မြင်မှုရရှိရန် အဖွဲ့ချုပ်ဥက္ကဋ္ဌများမှ အကြံပြုဝိုင်း၀န်းဆွေးနွေးကြပြီး ပြိုင်ပွဲတွင်ကိုယ်တိုင်ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ၀န်ကြီးဌာနမှသည် တက်နိုင်သရွေ့ အကောင်းဆုံးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ယနေ့ထိ မြန်မာနိုင်ငံမှ အားကစားနည်း(၃၁)နည်း၊ အုပ်ချုပ်/နည်းပြ၊ အားကစားသမား(၅၀၀)ကျော်ခန့်ဖြင့် ပါ၀င်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 


back to top Eng