နေပြည်တော်၊ ဖေဖော်ဝါရီ(၁၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်း၍ Wave Plus သောက်ရေသန့်ကုမ္မဏီ၏ ကူညီပံ့ပိုးမှုဖြင့်ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက် (၆) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိဘုရားရှေ့ ရာဇဌာနီလမ်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးများ၊ Wave Plus သောက်ရေသန့်ကုမ္မဏီမှ MD ဦးညီညီလွင်၊ Director ဦးသန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အမျိုးသား/ အမျိုးသမီး အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွတ်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ (၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အားကစားသမားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပါတ္တသန္တိဘုရားရှေ့မှ စတင်တာထွက်ပြီး ရာဇဌာနီလမ်းမကြီးအတိုင်း နေပြည်တော်ကောင်စီရုံး ဖြတ်လမ်းမှ ဥပ္ပါတသန္တိဘုရားရှေ့တွင် ပြန်၍ ပန်းဝင်ကြသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသားအပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသော သက်ဇင်ထွေး(ဇေယျာသီရီ အ.ထ.က၂)၊ ဒုတိယ အိကိုင်း(စမတောင်)၊ တတိယ စောပြည့်ဝင်း(အ.ထ.ကခွဲ အ.လ.က၃ ဇဗ္ဗူသီရိ)တို့အား နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းမှ လည်းကောင်း၊
အမျိုးသမီးအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသော အေးအေးခိုင် (တပ်ကုန်း/ရွေးစုကျောင်း)၊ ဒုတိယ ဖြူစင်ဖြိုး(တပ်ကုန်း အ.ထ.က ၄)၊ တတိယ စုပုံချစ်(အ.ထ.က ၃ ပုဗ္ဗသီရိ)တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မှလည်းကောင်း၊
အမျိုးသမီးအပြေးပြိုင်ပွဲတွင် အဆင့်(၄) မှ အဆင့်(၁၀)အတွင်း ပန်းဝင်ကြသူများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မှလည်းကောင်း၊
အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄) မှ အဆင့်(၁၀)အတွင်း ပန်းဝင်ကြသူများအား Wave Plus သောက်ရေသန့်ကုမ္မဏီမှ Director ဦးသန်းစိုးမှလည်းကောင်း၊
အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၁၁) မှ အဆင့်(၁၅) အတွင်း ပန်းဝင်ကြသူများအား Wave Plus သောက်ရေသန့်ကုမ္မဏီမှ MD ဦးညီညီလွင်မှလည်းကောင်း၊
ကျန်ပြိုင်ပွဲဝင်အားကစားသမား အဆင့်(၂၅၀)အတွင်း ပန်းဝင်ကြသူများအား တာဝန်ရှိ သူများမှ ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၀ ပြည့်နှစ်(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅) ကီလိုမီတာ အသက်(၁၅)နှစ်အောက် အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်(၈)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား(၁၃၁၃)ဦး၊ ကျောင်းသူ(၄၈၇)ဦး စုစုပေါင်း (၁၈၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။