skip to content
   
 
ရန်ကုန်၊ ဒီဇင်ဘာလ(၅)ရက်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲများကျင်းပပေးခြင်းသည် မသန်စွမ်းအားကစားသမားများရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်လာစေရေး၊ ပြည်တွင်းအားကစားပွဲများမှတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေကို တက်လှမ်း ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံကိုယ်စားပြု မသန်စွမ်းအားကစားများပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မသန်စွမ်းအားကစားလေ့ကျင့်ရေး စခန်း၌ဖွင့်လှစ်သော ၂ဝ၁၈-ခုနှစ်၊ (၃ဝ)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၅)ကြိမ်မြောက် ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကာ ယခုဖွင့်လှစ်သော မသန်စွမ်းသူများ အားကစား ပြိုင်ပွဲသည် အကြိမ် (၃ဝ)ကြိမ်မြောက် ဖွင့်လှစ်ပေးခဲ့ပြီး ယခုပြိုင်ပွဲမှ မသန်စွမ်းအားကစားသမားကောင်းများ ရှာဖွေဖော်ထုတ်ကာ (၂ဝ၁၉)ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမည့် (၁ဝ)ကြိမ်မြောက် အရှေ့တောင်အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲအတွက်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပစေကာ အလားအလာရှိသော ကစားသမားများကို ဆက်လက်လေ့ကျင့် ပေးသွားမည်ဖြစ်သည့်အတွက် မသန်စွမ်းအားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြပါ၊ မသန်စွမ်းအားကစား ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မသန်စွမ်းသူများအားလုံး မိမိနှင့်သက်ဆိုင်သည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မား လာစေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများ ဖြစ်သည့် အရှေ့တောင်အာရှ ဒေသတွင်းပြိုင်ပွဲများ၊ အာရှအဆင့်၊ အရှေ့အာရှနှင့် တောင်ပစိဖိတ် နိုင်ငံများ အဆင့်ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေကာ နိုင်ငံတကာပြိုင်ပွဲ(၂၂)ကြိမ်မှာ ရွှေတံဆိပ်(၂၈)ခု၊ ငွေတံဆိပ်(၂၇)ခု၊ ကြေးတံဆိပ်(၂၃၄)ခု၊ စုစုပေါင်း (၇၈၆)ခုနှင့် အထူးဆု(၁)ဆုတို့ရရှိခဲ့ပြီး နိုင်ငံတော်အတွက် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ပြုပါကြောင်းဖြင့်ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
 
 
ဆက်လက်၍ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် မှအမှုဆောင်များ၊ ဉာဏ်ရည်မမီသူများအဖွဲ့မှ အမှုဆောင်များနှင့် တာဝန်ရှိသူတို့က အားကစားသမားများအား လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲများအားကြည့်ရှုအားပေးခဲ့သည်။
 
အဆိုပါပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘိုးလင်း၊ ဘိုစီယာ၊ ဂိုးဘော(မျက်မမြင်)၊ စစ်တုရင်၊ ဝှီးချဲဘတ်စကတ်ဘော၊ မြားပစ်၊ အလေးမ၊ (၇)ယောက်တစ်ဖက် ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ ဂေါက်သီး အားကစားပြိုင်ပွဲများကို အဖွဲ့ချုပ်မှ သတ်မှတ်ထားသောနေ့တွင် မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အားကစားလေ့ကျင့်ရေးစခန်း၌ ဒီဇင်ဘာလ(၉)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

back to top Eng