skip to content

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home2/cp391570/public_html/spedmyanmar.com/includes/menu.inc).

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက် ။     

အားကစားနှင့် ပညာရေးထိရောက်စွာ ပေါင်းစပ်ရေး၊ အားကစားနှင့် ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့၊ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသိန်းဝင်း၊ ဦးကိုလေးဝင်း၊ ဦးမျိုးသန့်၊ ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် -

  • ယခုအစည်းအဝေးသည် အားကစားနှင့် ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီ ဖွဲ့စည်းရေးအတွက် ဆွေးနွေးအကြံပြုမှုများ ရယူရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊
  • အခြေခံပညာကျောင်းများတွင် ကာယပညာ  (Physical Education)သည် အလွန်အရေးကြီးပါကြောင်း၊ ယခင်သင်ရိုးဟောင်းတွင် ကာယပညာဘာသာရပ်သည် တွဲဖက်သင်ရိုးသာ ရှိခဲ့ပြီး သီးသန့်သင်ရိုးညွှန်းတမ်း (Text book) စာအုပ်မရှိခဲ့ပါကြောင်း၊
  • ကာယပညာသင်ကြားရန် ကာယဆရာ (Physical Education Teacher) လုံလုံလောက်လောက် မရှိခဲ့သလို လေ့ကျင့်ရေးအားကစားပစ္စည်းများလည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ယခုသင်ရိုးသစ်တွင် (KG + G-12)အထိ ကာယဘာသာရပ် (Physical Education)ကို မသင်မနေရ ဘာသာရပ်အဖြစ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ 
  • သင်ရိုးသစ်တွင် (KG+G12) တက္ကသိုလ်ဝင်တန်းကာယဆရာ/ဆရာမ လုံလောက်စွာ ရရှိစေရန်အတွက် (Bsc, Sports)ဘွဲ့ရသူများအား ခန့်အပ်ထားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရာတွင် နှစ်စဉ် ဘွဲ့ရသူဦးရေမှာ (၁၀၀)ခန့်သာရှိ၍ လုံလောက်မှု မရှိသေးပါကြောင်း၊ ကျန်တက္ကသိုလ်များ၌ (Bsc, Sports) ဘွဲ့သင်တန်းများ သင်ကြားနိုင်ရန် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း၊
  • အားကစားသမားတစ်ယောက်သည် အားကစားကို ဝါသနာပါပြီး တက္ကသိုလ်တက်ရောက်နိုင်ရန် အသက်မွေးဝမ်းကြောင်းပညာသင်ယူနိုင်ရန် ဘဝအာမခံချက်ရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ အားကစားကို နှစ်သက်ဆောင်ရွက်နိုင်မည် ဖြစ်ပါ‌ကြောင်း၊
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အားကစားသိပ္ပံကျောင်းများတွင် ပညာသင်ယူပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူခွင့်ရရှိရေး အခွင့်အလမ်းများကို ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်အတွက် မူဝါဒကို တိတိကျကျချမှတ်ပေးရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
  • နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌လည်း အားကစားကွင်း/ အားကစားရုံများကို ဝန်ကြီးဌာနမှ တိုးချဲ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း အခြေခံပညာကျောင်းများတွင် အားကစားလေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်နေသဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန အနေနှင့်လည်း အခြေခံပညာ ကျောင်းများတွင် ခြင်းလုံး၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ခုန်ကြိုးစသည့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးပါကြောင်း၊
  • ပြည်ထောင်စုကြီး ဖွံဖြိုးတိုးတက်စေရေးအတွက် အားကစားကဏ္ဍ ပိုမိုတိုးတက်လာရန်အတွက် အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများအဆင့်အလိုက်ပြုလုပ်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် (၂၀၁၉) ခုနှစ်တွင် ပညာရေးနှင့် အားကစားပေါင်းစပ်၍ ကျောင်းအားကစားပွဲတော်ကို အားကစားနည်း(၄)မျိုးဖြင့် ကျင်းပခဲ့ပါကြောင်း၊
  • မိမိတို့ မြန်မာနိုင်ငံသူ/ နိုင်ငံသားများသည် သင်ယူနိုင်မှုစွမ်းရည် အလွန်ကောင်းမွန်ပါကြောင်း၊ ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို သင်တန်း စနစ်တကျ ပေးအပ် ဆောင်ရွက်ပါက အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရပါ‌ကြောင်း၊ ဆရာ/ဆရာမများက အားကစားနှင့်ပတ်သက်၍ သင်ကြားသင်ယူမှု၊ စီမံခန့်ခွဲမှု သင်တန်းများပေး၍ ဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊
  • ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားကစားကို ချစ်မြတ်နိုးလာစေရန် ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားအားကစားပြိုင်ပွဲ၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင် ကြိုးစားသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် -

  • မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးနှင့် (၂၀၁၇) ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သော "Healthy Myanmar Seminar"၊ (၂၀၁၈) ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော "National Sports Seminar" နှင့်  (၂၀၁၉) ခုနှစ်၊ မေလတွင် ကျင်းပခဲ့သော "National Physical Education Seminar" တို့မှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များတွင် အပါအဝင်ဖြစ်သည့်  အားကစားနှင့် ပညာရေးပေါင်းစပ် အကောင်အထည်ဖော်ရေးတို့အတွက် "အားကစားနှင့် ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီ" ကို ဖွဲ့စည်းရန် အပါအဝင် လုပ်ဆောင်ရမည့် အချက်များကို နိုင်ငံတော် သမ္မတရုံးမှ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လတွင် ညွှန်ကြားခဲ့ပါကြောင်း၊
  • အားကစားနှင့်ပညာရေး ပေါင်းစပ်၍ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန်အတွက် ကော်မတီတစ်ရပ်ကို (၂၀၀၈) ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း လုပ်ငန်းများ နှောင့်နှေး နေခဲ့သည့်အတွက် အရှိန်အဟုန်ဖြင့် အားဖြည့် ဆောင်ရွက်ရန်အတွက် ယခု ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လက်ရှိတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်နေသကဲ့သို့ အခြားသော ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများနှင့် အားကစားကဏ္ဍကိုလည်း လစ်လျူရှု၍ မရပါကြောင်း၊
  • ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကြံခိုင်သန်စွမ်းစေကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေနိုင်သဖြင့် ရောဂါများကို ခုခံနိုင်စွမ်းများ မြင့်တက်လာနိုင်မည် ဖြစ်ပါကြောင်း၊
  • ယခု ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုကာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရရှိနေသော COVID-19 ကာကွယ်ဆေးများကို ထိုးနှံပြီးပါက ရောဂါကိုခုခံနိုင်မှု အချိန်ကာလ အတိုင်းအတာ မည်မျှတာရှည်ခံမည်ကို မသိရှိရသေးပါကြောင်း၊
  • သို့ဖြစ်၍ COVID-19 ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာခြင်း၊ ရောဂါကို ခုခံနိုင်မှု ကိုယ်ခံအား မြင့်မားစေရန်အတွက် မိမိနှင့် သင့်တော်ရာ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊
  • မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားသေဆုံးသူများ၏ (၈၅) ရာခိုင်နှုန်းခန့်သည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါစသည့် ရောဂါအခံတစ်မျိုးမျိုးရှိနေသူများ ဖြစ်ပါကြောင်း၊
  • အားကစားလေ့ကျင့်လိုက်စားမှုဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါစသည့် ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်ဖြစ်သဖြင့် COVID-19 ကဲ့သို့ ရောဂါမျိုး ကူးစက်ပါကလည်း ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်ထားသူ တစ်ဦးအနေဖြင့် ရောဂါပြင်းထန်ကာ အသက်သေဆုံးနိုင်ချေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊
  • ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ထိုကဲ့သို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အကျိုးကျေးဇူးများသာမက စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုပါ ရရှိစေနိုင်ပါကြောင်း၊
  • နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်း၊ ကောလိပ်နှင့် တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၌ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းမှတစ်ဆင့် အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်လာခြင်းနှင့် ထိုအလေ့အကျင့်ကောင်းများကို တစ်ဦးမှ တစ်ဦး လက်ဆင့်ကမ်းရရှိခြင်းတို့ဖြင့် နိုင်ငံတော်အတွက်  ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသူ အမြောက်အများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊
  • အားကစားနှင့် ပညာရေးပေါင်းစပ် ဆောင်ရွက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်အတွက် ဦးစီးကော်မတီကို ဖွဲ့စည်းရာတွင် အလုပ်တာဝန်ဝတ္တရားများ တိကျစွာ သတ်မှတ်ခြင်း၊ လုပ်ငန်းလမ်းပြမြေပုံ တိကျစွာ ရေးဆွဲချမှတ်ကာ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဆင့်တွင် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်အကဲဖြတ်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
  • "Healthy Myanmar Seminar"၊ "National Sports Seminar" နှင့် "National Physical Education Seminar" မှတ်တမ်းစာအုပ်များကိုလည်း ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ် အသီးသီးမှ စာကြည့်တိုက်များထံသို့ ပေးပို့စေလိုပါကြောင်း၊ ကျောင်းများတွင် အားကစားပြုလုပ်ရာတွင် နည်းစနစ်ကျစွာ လေ့ကျင့်နိုင်ရန်နှင့် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လေ့ကျင့်ကစားနိုင်ရန်အတွက် အားကစားနည်းစနစ်အလိုက် နည်းစနစ်နှင့် စည်းမျဉ်းစည်းကမ်း စာအုပ်များကိုလည်း ဖြန့်ဝေပေးစေလိုပါကြောင်း၊
  • ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းဖြင့် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့အတွက် မည်ကဲ့သို့ အကျိုးရှိသည်ဆိုသည့် အချက်များအား သိပ္ပံနည်းကျ တွေ့ရှိချက်များနှင့် အညီ ပြုစုထားသော စာအုပ်ကိုလည်း မကြာမီအတွင်း ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊
  • ယခင်ပြုလုပ်ခဲ့သော "Healthy Myanmar Seminar"၊ "National Sports Seminar"၊ " "National Physical Education Seminar" နှင့် အစည်းအဝေးများမှ ထွက်ပေါ်ခဲ့သော လုပ်ဆောင်ရန် အကြံပြုချက်များကို ဦးစားပေးအလိုက် တန်းစီကာ တာဝန်ယူလုပ်ဆောင်ရမည့် ဌာန၊ လုပ်ဆောင်ရမည့် အချိန်ကာလအတိုင်းအတာတို့ကို တိကျစွာ ဖော်ပြကာ လက်တွေ့ အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊
  • ယခုအခါ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများတွင် ကိုယ်လက်လှုပ်ရှားအားကစားဆိုင်ရာ သင်ရိုးများ ပါဝင်နေပြီဖြစ်သဖြင့် အကျိုးရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကျောင်းများအတွက် လိုအပ်သော အားကစားပစ္စည်းများ တတ်နိုင်သမျှ ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊
  • ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများအတွက် လိုအပ်သော အားကစားပစ္စည်းများ ဝယ်ယူဖြည့်တင်းရန်နှင့် ကျောင်းအားကစားကွင်း၊ရုံနှင့် ခန်းမများ ဆောက်လုပ်ရန် ဘဏ္ဍာငွေများ ပိုမိုထည့်သွင်း လျာထားစေလိုပါကြောင်း၊
  • ယခုအစည်းအဝေးတွင် အားကစားနှင့် ပညာရေး ထိရောက်စွာပေါင်းစပ်ရေးအတွက် လက်တွေ့ အမှန်တကယ် လုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် အားဖြည့်ဆောင်ရွက်ရန် လိုအပ်သည်များကို အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊
  • အားကစားနှင့် ပညာရေးထိရောက်စွာပေါင်းစပ်ခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ကာ ပညာရည် မြင့်မားတိုးတက်ပြီး နိုင်ငံတော်အတွက် ရေရှည်အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက -

  • (၂၀၀၈) ခုနှစ်မှစပြီး အားကစားနှင့် ပညာရေးပေါင်းစပ်လုပ်ကိုင်ခဲ့သော လုပ်ငန်းစဉ်များ၊ (၂၀၁၈) ခုနှစ်တွင် Asian University Games အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်မှုလုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

  • အားကစားနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် လမ်းညွှန်ချက် ဆောင်ရွက်မှုများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။

          ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော အဆင့်မြင့်ပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက -

  • တက္ကသိုလ်များတွင် ကာယပညာရပ်ဆိုင်ရာအရာရှိများ ခန့်ထားနိုင်ရေး၊ (B.Sc. (Sports)) သင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး၊ (၂၀၂၁) Asian University Games ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပညာရေးစီမံကိန်းနှင့် သုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က -

  • အခြေခံပညာရေးစနစ်သစ် သင်ရိုးသစ်များ ရေးဆွဲထားရှိမှုနှင့် အဆိုပါသင်ရိုးသစ်တွင် ကာယပညာ ဘာသာရပ် ပါဝင်ရေးဆွဲ ထားရှိမှုနှင့် ဘက်စုံကျန်းမာရေး၊ ကိုယ်ကာယ ကြံ့ခိုင်ရေး၊ စုပေါင်းကစားခြင်းနှင့် ယှဉ်ပြိုင်မှုအားကစားစသည့် သင်ယူမှု နယ်ပယ်များ ပါဝင်မှုကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပါသည်။

         

         ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက -

  • အခြေခံပညာ ကျောင်းများတွင် ကာယပညာဆရာ/ဆရာမများ လိုအပ်မှုအခြေအနေ၊ ကာယပညာ ဆရာ/ဆရာမများ ထပ်မံခေါ်ယူ သင်တန်းပေးနေမှု အခြေအနေ၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၏ အားကစားကွင်း/အားကစားရုံအခြေအနေ၊ ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပမှုများနှင့် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

         

         ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က -

  • National Sports Seminar မှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များကို ပညာရေးကဏ္ဍမှ လုပ်ဆောင်ရမည့်အချက်များ၊ အားကစားကဏ္ဍမှ လုပ်ဆောင်ရမည့်အချက်များ၊ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်မည့် အချက်များ အားကစားနှင့် ပညာရေးပေါင်းစပ်၍ အာဆီယံကျောင်းသား အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေနှင့် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

         

           ဆက်လက်၍ အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းသန့်က -

  • အားကစားနှင့် ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီဖွဲ့စည်းနိုင်ရေးနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသတ်မှတ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက -

  • ကော်မတီဖွဲ့စည်းရန် လုပ်ငန်းစဉ်များ သတ်မှတ်ရာတွင် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲနှင့် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများတွင် အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၊ ပညာရေးဝန်ကြီးဌာနမှ လိုအပ်ချက်အရ ကာယဆရာ/ဆရာမများ ခန့်ထားနိုင်ရေးကို ဆွေးနွေးပြောကြားခဲ့ ပါသည်။

          ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသူများ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

  • ကျင်းပခဲ့သော အားကစားပြိုင်ပွဲများကို လေ့လာကြည့်ပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားနည်းစနစ်အလိုက် အားသာမှုများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊
  • ပညာရေးဝန်ကြီးဌာနရှိ ကောလိပ်များနှင့် တက္ကသိုလ်များသို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများ တက်ရောက်နိုင်ရေးအတွက် စနစ်တကျ မူဝါဒများ ချမှတ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
  • ဒစ်ဂျယ်တယ်၊ အွန်လိုင်းနည်းပညာသုံး သင်ကြားမှုများကိုလည်း ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

  • အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယခု COVID-19 ဖြစ်ပွားမှုကာလအတွင်း အွန်လိုင်းစနစ်ဖြင့် ကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်းတို့သည် ကောင်းမွန်ပါကြောင်း၊ အဆိုပါ အစီအစဉ်များကို ပိုမိုပြုလုပ်စေလိုပြီး ပြည်သူများပိုမိုသိရှိစေရန် ရုပ်မြင်သံကြားလိုင်းများတွင် ပိုမိုထည့်သွင်းစေလိုပါကြောင်း၊
  • အွန်လိုင်းမှ တစ်ဆင့် သင်တန်းများပြုလုပ်ခြင်းဖြင့် လူကိုယ်တိုင်လာရောက်တက်ရသည့် သင်တန်းများ ထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်သည်ဖြစ်၍ ရေရှည်တွင်လည်း ဆက်လက် ပြုလုပ်စေလိုပါကြောင်း၊ လက်တွေ့မဖြစ်မနေသင်ကြားရမည့် သင်တန်းများကိုသာ လူကိုယ်တိုင် လာရောက်တက်ရောက်ခြင်း ပုံစံဖြင့် ပြုလုပ်စေလိုပါကြောင်း၊
  • ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိကာ အားကစားကို လိုက်စား လေ့ကျင့်လိုစိတ်များ ကိန်းဝပ်စေရေးနှင့် စနစ်တကျ လေ့ကျင့်နိုင်ရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 


back to top Eng